အငြင်းပွားဖွယ် ပြောဆိုချက်အတွက် ပဲခူးဝန်ကြီးချုပ် ပြန်တောင်းပန်
2019.10.12
အောက်တိုဘာလ ၅ ရက်နေ့က ပဲခူးတိုင်း နတ်တလင်းမြို့နယ် ဒမငယ်သစ်ချိုခြံ၊ လူထု တွေ့ဆုံပွဲမှာ ကျေးရွာဒေသခံတွေ တင်ပြတဲ့ ဆရာ/ဆရာမတွေ နေထိုင်ရေးနဲ့ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းရဲ့ ပြောကြားချက်ဟာ ဒီရက်ပိုင်း အများပြည်သူကြား ဝေဖန်ပြောဆိုစရာ ဖြစ်လာပါတယ်။
ဝန်ကြီးချုပ်က အဲဒီတွေ့ဆုံပွဲမှာ ဆရာ၊ ဆရာမတွေ ဒီက ရွာသူ၊ ရွာသားတွေနဲ့ အိမ်ထောင်ကျအောင် လူငယ်လေးတွေက ဆရာမတွေကို ရည်စားစကားလိုက်ပြောကြဆိုပြီး ပြောကြားသွားခဲ့တာပါ။
"ဝန်ထမ်းအိမ်ရာက မရှိတာကောင်းတယ်နော်၊ ဆရာ/ဆရာမတွေ အရပ်ထဲ ရွာထဲနေတဲ့အခါကျတော့ ရွာသူ/ရွာသားတွေနဲ့ အိမ်ထောင်ကျ အဲဒါမှထွက်မသွားမှာလေ၊ နို့မို့ဆိုရင် နယ်ပြောင်းသွားမှာ ဟုတ်တယ်မလား၊ နယ်ပြန်သွားတော့ လိုအပ်ချက်တွေဖြစ်သွားမယ် ဟုတ်တယ်မလား၊ လူငယ်လေးတွေက လိုက် ရည်းစားစကားပြောပေါ့ ဟုတ်လားနော့၊ အဲဒါမှမြဲမှာ"
ဝန်ကြီးချုပ်ရဲ့ အခုလိုပြောဆိုခဲ့တာကို လက်မခံနိုင်လို့ ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ နိုင်ငံတော်အကြီးအကဲတွေက အမြန်ဆုံးအရေးယူပေးဖို့လိုကြောင်း အခြေခံပညာ ပညာရေးလုပ်သား သမဂ္ဂများ ဗဟို အလုပ်အမှုဆောင် ကော်မတီက ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
သင်နေတဲ့ဆရာ/ဆရာမတွေ အားလုံး ကိုလည်း စော်ကားရာ ရောက်တယ်၊ ဘဝလုံခြုံမှု ထိပါးအောင်လည်း အားပေးအားမြှောက် ပြုရာ ရောက်တယ်
"ဒီဆရာ/ဆရာမတွေက လက်ရှိမြေပြင်မှာက ဒီအကြမ်းဖက်မှု တွေက တကယ်ရှိနေတာလေ၊ ဆရာမတွေ နေတဲ့ အဆောင် တံခါးတွေ လာခေါက်တာတွေ၊ အထဲထိဝင်ပြီး အဓမ္မပြုကျင့်ဖို့ ကြံစည်တာတွေရှိတယ်၊ တချို့ လူငယ်တွေကျတော့လည်း ဆရာမတွေကို ရည်းစားစကားပြောတာတွေရှိတယ် ပြန်မကြိုက်တဲ့ အခါကျတော့ ဘာဘဝင်မြင့်တာလဲ နင်တို့က ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီးတော့ အဆောင်တွေရှေ့မှာ အော်တာတွေရှိတယ်၊ ကျောင်းထဲကိုဝင်ပြီးတော့ ကျောင်းတံခါးတွေ ရိုက်ဖွင့်တယ်၊ ကျောင်းစာသင်ခုံတွေ ရိုက်ချိုးတယ်၊ နောက် မျက်နှာကြက်တွေကို ဖောက်တာတွေလုပ်တယ်ပေါ့၊ အဲဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ အမှုဖွင့်ထားတဲ့ဖြစ်စဉ်တွေလည်း ရှိတယ်ပေါ့၊ အဲလိုအခြေအနေမျိုးမှာ ပဲခူးတိုင်းဝန်ကြီးချုပ် ဝန်ကြီးချုပ် တစ်ယောက်အနေနဲ့ ကိုယ့်အရပ်ဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ/ဆရာမတွေကို ဒီရပ်ရွာလူငယ်တွေက မလေးမစားပြုမှုအောင် ရည်းစားစကားလိုက်ပြောအောင်လို့ စိတ်လှုံ့ဆော်တဲ့ စကားကိုပြောတာ လုံးဝမသင့်တော်ဘူး၊ သင်နေတဲ့ဆရာ/ဆရာမတွေအားလုံးကိုလည်း စော်ကားရာ ရောက်တယ်၊ ဘဝလုံခြုံမှုထိပါးအောင်လည်း အားပေးအားမြှောက်ပြုရာ ရောက်တယ်ပေါ့၊ ဒါကြောင့်မလို့ ကြေညာချက် ထုတ်ပြန်တာဖြစ်ပါတယ်"
ကြေညာချက်ထုတ်ပြန်ရာမှာပါဝင်တဲ့ Generation Network ရဲ့ ပညာရေးတာဝန်ခံ ဦးဖြိုးဝေအောင် ပြောသွားတာပါ။
ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကတော့ သူ့အနေနဲ့ ပေ့ါပေါ့ပါးပါးပြောခဲ့တာဖြစ်ပေမယ့် နစ်နာတယ်လို့ယူဆရင် တောင်းပန်တယ်လို့ RFA ကိုပြောပါတယ်။
"ကျွန်တော်ကတော့ ပေါ့ပေါ့ပါးပါး ဖြေခဲ့တယ်၊ ဒီဟာအပေါ်မှာ ကျွန်တော့်ဘက်က ဘာမှ Attention တစ်ခုမဖြစ်ဘူး Serious မဖြစ်ဘူးပေါ့၊ ဆရာ/ဆရာမတွေသည် ဝေးခံခေါင်သီတဲ့နေရာတွေမှာ နေရာတွေမမြဲကြဘူး၊ မမြဲကြတဲ့အခါကျတော့ ကျွန်တော်တို့ တောင်ပေါ်ဒေတွေမှာမြဲတဲ့ ဆရာ/ဆရာမတွေကို ကျွန်တော်တို့ တွေ့တဲ့အခါကြတော့ ဒါတွေမေးတဲ့အခါကြတော့ သူတို့က ဒေသခံတွေနဲ့ အိမ်ထောင်ကျပြီးတော့မှ မြဲနေကြတာတွေဖြစ်တယ်ဆိုတာ ကျွန်တော်တို့သွားတွေ့တယ်ပေါ့နော်၊ အဲဒါလေးအပေါ်မှာ အခြေခံပြီး ကျွန်တော်က ဒါပေါ့ပေါ့ပါးပါးပြောတဲ့ သဘောပါပဲခင်ဗျ၊ ကျွန်တော့်အနေနဲ့ ပေါ့ပေါ့ပါးပါးပြောသော်ငြားလည်းပဲ တစ်ဘက်က နစ်နာသူတွေဘက်မှာ Serious ဖြစ်တယ် နစ်နာတယ်လို့ ယူဆတယ်ဆိုရင် ကျွန်တော့်အနေနဲ့ တောင်းပန်ပါတယ်ဆိုတဲ့အကြောင်းလည်း ဒါကျွန်တော်ပြောပါတယ်၊ ကျွန်တော့ဘက်ကတော့ ဒီအပေါ်မှာ ခုနတုန်းကလို နစ်နာအောင် ပြောတာမဟုတ်ဘူးပေါ့နော်"
အခြေခံပညာကဏ္ဍမှာ ပညာရေးဝန်ကြီးဌာနအနေနဲ့ ဝန်ထမ်းအိမ်ရာတွေ စီစဉ်ပေးမှု အလွန်အားနည်းနေတဲ့ အတွက် ရပ်ဝေးက ဆရာ/ဆရာမတွေဟာ ကျေးရွာတွေက ဆောက်လုပ်ပေးတဲ့ တစ်နိုင်၊ တစ်ပိုင်အိမ်တွေ၊ ရပ် မိရပ်ဖနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွေမှာ တည်းခိုနေထိုင်ကြရတဲ့ အခက်အခဲတွေရှိနေပါတယ်။
အဲလိုနေထိုင်နေရတဲ့ ဆရာမတွေရဲ့အခက်အခဲနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်း၊ ဆင်မမြို့အထက်တန်းကျောင်းရဲ့ ဆရာမ ဒေါ်ဇာဇာအောင်က
"အဲလိုပြောတာတော့ အမျိုးသမီးထု ပညာရေးလုပ်သားတစ်ခုလုံးကို ပါးစပ်နဲ့ပေါ့ အကြမ်းဖက်ခံလိုက်ရတာပေါ့၊ အဲ့လိုခံစားရပါတယ်၊ နိုင်ငံတော်အနေနဲ့လည်း ဒီဆရာ/ဆရာမတွေရဲ့လုံခြုံရေး အထူး အလေးပေး ဆောင်ရွက်နေတဲ့အချိန်မှာ ဒီလိုမျိုး ပေါ့ပေါ့တန်တန်နဲ့ ဒီလိုစကားမျိုးပြောတာကတော့ ဘယ်လိုမှမခံစားနိုင်ဘူး၊ ဖြစ်နိုင်မယ်ဆိုရင်တော့ ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်ပေါ့၊ ဆရာ/ဆရာမတွေအတွက် နေဖို့ထိုင်ဖို့နေရာတွေက နေရာတိုင်းမှာ မပြည့်စုံဘူး၊ နယ်ဘက်တွေ မူလတန်းကျောင်းတွေမှာဆိုရင် ဆရာ/ဆရာမတွေအတွက် နေဖို့နေရာ မစီစဉ်ပေးတဲ့အခါကျတော့ သူများအိမ်မှာ နေရတယ်၊ ပြီးလို့ရှိရင် အဆင်ပြေသလိုပေါ့။ ရွာရဲ့အစီအမံနဲ့ပဲ နေကြရတဲ့အခါကြတော့ တစ်ခါသမဂ္ဂ တွေ့ဆုံမှုပွဲမှာ ဆရာမလေး တစ်ယောက် ပြောတာဆိုရင် အဲလိုသူများအိမ်မှာနေနေရင်းနဲ့ ယူလိုက်ရတယ် ဆိုတဲ့အဖြစ်မျိုးတွေလည်း ရှိတာပဲ၊ ကျွန်မတာဝန်ကျတဲ့နေရာ ကျောင်းရဲ့ ဘေးပတ်ဝန်းကျင်က ကျောင်းတစ်ကျောင်းမှာဆိုရင် အဲလိုမျိုးပေါ့ ဆရာမလေးနှစ်ယောက် သင်နေတဲ့အခါ အိမ်ကလည်း မလုံခြုံတဲ့အခါကျတော့ ညဘက်မှာပဲ ဆရာမတွေရဲ့ အိမ်ကို ဝင်ပြီးတော့ အဲလိုမျိုး ဆရာမလေးတွေကို ဓားနဲ့ထောက်ပြီးတော့ ကြံစည်တာမျိုးတွေအထိ ကြုံဖူးတယ်ပေါ့နော်"
ကျေးရွာတွေက ဆရာ/ဆရာမတွေကို ပညာရေးဝန်ကြီးဌာန ဒါမှမဟုတ် ကျေးရွာက စီစဉ်ပေးရင်လည်း ကျောင်း ဝန်းထဲမှာပဲ စီစဉ်ပေးတာဖြစ်လို့ အချို့သော လူနေအိမ်နဲ့ဝေးတဲ့နေရာတွေမှာဆိုရင် အကြမ်းဖက်ခံရတာ ညစ်ညမ်းတဲ့စိတ်နဲ့ အမျိုးသမီးသုံးပစ္စည်းများ ခိုးယူခံရတာ၊ ကျူးကျော်ဝင်ရောက်ခံရတာ၊ ကျေးရွာသားတွေနဲ့ နီးစပ်အောင် တမင် ဖန်တီးယူကြတာ၊ လူငယ်အချို့ဆိုရင် သူတို့ကို မလိုက်လျောတဲ့ အမျိုးသမီးပညာရေး ဝန်ထမ်းတွေကို ရိုင်းပြစွာ ပြောဆိုဆက်ဆံတာ၊ ကျောင်းအိမ်မှာ ညစ်ညမ်းစာတွေရေးသားတာနဲ့ အဓမ္မပြုကျင့်ရန် ကြံစည်တာတွေကို တွေ့ကြုံခံစားနေကြရတယ်လို့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။
သတင်းကျွတ် ရုံးပိတ်ရက်ပြီးတာနဲ့ ပဲခူးတိုင်းဝန်ကြီးချုပ်ကို အရေးယူပေးဖို့အတွက် နိုင်ငံတော်အဆင့် အကြီးအကဲတွေထံ တိုင်ကြားစာပေးပို့သွားမယ်လို့ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ကိုမင်းမင်းထွဋ်က RFA ကို ဒီကနေ့ ပြောပါတယ်။
"ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် အနေနဲ့ပေါ့နော် လူထုတွေ့ဆုံပွဲမှာ ပြောတဲ့စကားပေါ့နော် ဝန်ထမ်း အိမ်ရာမရှိတာကောင်းတယ်၊ ဆရာ/ဆရာမတွေ ရပ်ထဲရွာထဲနေတော့ ဒီကရွာသူရွာသားတွေနဲ့ အိမ်ထောင်ကျ ဒါမှပြန်မပြောင်းရမှာ၊ ဝန်ထမ်းလိုအပ်ချက်တွေရှိလို့ရှိရင် ရွာကလူငယ်တွေ ရည်းစားစကားလိုက်ပြော ဒါမှမြဲမယ်ဆိုတာ ဒါဒီမိုကရေစီကို သွားနေတဲ့အရွေ့တစ်ခုမှာ ဒီမိုကရေစီ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ လုံး၀ မပြောသင့်တဲ့စကားပေါ့နော်၊ အဲဒါကြောင့်မလို့ ကျွန်တော်တို့က ကန့်ကွက်ရတာပါ၊ ကျွန်တော်တို့ဒါ သီတင်းကျွတ်ပိတ်ရက်ကျော်တာနဲ့ တစ်ပြိုင်နက်တည်း နိုင်ငံတော် အကြီးအကဲတွေထံကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကို ထိရောက်စွာအရေးပေးဖို့အတွက်ကို စာဆက်တင်ဖို့ရှိပါတယ်ခင်ဗျ"
သမဂ္ဂများ ဗဟိုအလုပ်အမှုဆောင်ကော်မတီက အမျိုးသမီး ပညာရေးဝန်ထမ်း ဆရာမတွေရဲ့ အကြမ်းဖက်ခံရမှုတွေအပါအဝင် လုပ်ငန်းခွင်မှာ လက်တွေ့ကြုံတွေ့နေရတဲ့ အခြေအနေတွေကို သိရှိနိုင်ဖို့အတွက် ကောက်ယူနေတဲ့ "အမျိုးသမီးပညာရေးဝန်ထမ်းများ အကြမ်းဖက်ခံရမှုနှင့် ဘဝ လုံခြုံမှုဆိုင်ရာ သုတေသနစစ်တမ်း" ဟာလည်း ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်လို့ မကြာခင်ထုတ်ပြန်သွားမယ်လို့ ကိုမင်းမင်းထွဋ်ကဆိုပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ကလည်း ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ရာမှာ သက်ဆိုင်ရာ ဆရာမများကို လူသိရှင်ကြား ပြန်တောင်းပန်ဖို့ ဝန်ကြီးချုပ်ကို တိုက်တွန်းလိုက်ပါတယ်။ ပညာရေးဝန်ကြီးဌာနကလည်း နိုင်ငံအနံှ့ ဆရာ၊ ဆရာမများရဲ့ နေထိုင်ရေးဆိုင်ရာ စစ်တမ်းကောက်ပြီး အစိုးရကို တင်ပြဖို့လည်း တောင်းဆိုလိုက်ပါတယ်။
ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ဟာ ဆရာ/ဆရာမတွေကို နှိမ့်ချတဲ့သဘော မရည်ရွယ်ဘူးလို့ ယူဆရပေမယ့် မသင့်တော်ဘူးလို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။
တာဝန်အရှိဆုံး ပုဂ္ဂိုလ်တစ်ယောက်က ပြောလိုက်တာကတော့ ဒါ မသင့်တော်ဘူးပေါ့လေ
"အဲဒါတော့ ရုံးမှာ ကျွန်တော်တို့ အခုမှပြန်ရောက်တာ ဆိုတော့လေ ရုံးကလည်း ပိတ်ထားတာဆိုတော့ ရုံးကို တိုင်စာရောက်မရောက် ကျွန်တော် မသိပါဘူးခင်ဗျ၊ သြော် ဒါကတော့သူ ရည်ရွယ်ချက်က ဆရာ/ဆရာမတွေကို နိမ်ချတဲ့သဘောမျိုး ကျား/မခွဲခြားတဲ့ သဘောမျိုး မရည်ရွယ်ဘူးလို့ ကျွန်တော်တို့တော့ ထင်ပါတယ်၊ သို့သော်လည်း ဒီတာဝန်အရှိဆုံး ပုဂ္ဂိုလ်တစ်ယောက်က ပြောလိုက်တာကတော့ ဒါ မသင့်တော်ဘူးပေါ့လေ"
ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းဟာ လူထုတွေ့ဆုံပွဲတွေ၊ ဒေသခံတွေနဲ့ တွေ့ဆုံတဲ့ပွဲတွေနဲ့ ဆွေးနွေးပွဲတွေမှာ ပြောခဲ့တဲ့ ပေါ့ပေါ့တန်တန်စကားတွေကြောင့် လူမှုကွန်ရက်စာမျက်နှာတွေမှာ မကြာခဏဆိုသလို ဝေဖန်ခံနေရသူ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကလည်း ဆောင်ရွက်ပေးရမယ့် တာဝန်တွေပျက်ကွက်လို့ဆိုပြီး သာယာဝတီမြို့ ဒေသခံတွေက ဝန်ကြီးချုပ်နုတ်ထွက်ပေးရေး တောင်းဆိုဆန္ဒပြခံထားရပါတယ်ခင်ဗျာ။
(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)