စည်ပင်အရာရှိ နှုတ်ထွက် ဖို့ ပေါင်းတည်သားတွေ က တောင်းဆို ဆန္ဒပြ


2016.07.09
bago-protest-620.jpg ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့မှာ မြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိကို ရာထူးကနေ နှုတ် ထွက်ပေးဖို့ ဇူလိုင်လ ၉ ရက်နေ့က တောင်းဆိုဆန္ဒပြစဉ်
photo: citizen journalist

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့မှာ မြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ ဒေသခံ ၁ဝဝ ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

စည်ပင်လုပ်ငန်းတွေကို လုပ်ဆောင်ပေးဖို့ ပျက်ကွက်တဲ့အတွက် ဆန္ဒပြတာဖြစ်တယ်လို့ ဆန္ဒပြခေါင်းဆောင် ဒေသ ခံ ဦးခင်မောင်ကိုက ပြောပါတယ်။

"မိုးရွာပြီဆိုတာနဲ့ မြောင်းတွေကပိတ်ဆို့နေတဲ့အတွက်ကြောင့် အိမ်တွေ၊ ခြံဝန်းတွေမှာ ရေဆိုး၊ ရေညစ်တွေက တော်တော်နဲ့ မကျပဲနဲ့ ဒီတိုင်းတင်ကျန်ခဲ့တယ်၊ ကျနော်တို့အမှုဆောင်အရာရှိကို ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတာ ထပ်ခါထပ်ခါမေးပါတယ်၊  အခါခါဆွေးနွေးပေမယ့် ဆောင်ရွက်ပေးခြင်းမရှိလို့ စည်ပင်အမှုဆောင်အရာရှိကို အမြန်ဆုံးဖယ်ရှားပေးရေး ဒီကနေ့ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပါတယ်"

ဆန္ဒပြသူတွေဟာ ရေနှုတ်မြောင်းဖော်ပေးဖို့၊ အမှိုက်စနစ်တကျ သိမ်းဆည်းပေးဖို့၊ အန္တရာယ်ရှိတဲ့ ကြော်ငြာ ဆိုင်းဘုတ်တွေကို ဖယ်ရှားပေးဖို့၊ လမ်းတံတားဆောက်လုပ်ရေးမှာ စည်ပင်သာယာရေး ကော်မတီရဲ့ ဘတ်ဂျက်ငွေကို စနစ်တကျအသုံးပြုရေးတို့ကို တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူ ၁ဝဝ ကျော်ဟာ ပေါင်းတည်မြို့ ဈေး(၁)ရပ်ကွက် ၁ လမ်း၊ ၃၈ လမ်း၊ လမ်း ၄ဝ၊ မှတ်တိုင်လမ်း၊ ဘုရားကြီးလမ်းထောင့်တို့ကနေ ရန်ကုန်-ပြည်လမ်းတလျှောက် လမ်းလျှောက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ပေါင်းတည်မြို့မှာ မြို့ပေါ်ရပ်ကွက် ၁၂ ခုရှိပြီး လူဦးရေ ၃ ထောင်ကျော် နေထိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။