ငွေအလွဲသုံးခြင်း မရှိလို့ ဗကသ ရှင်းလင်း
2016.05.06
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ ၃၆ လမ်းက မြန်မာဂျာနယ်လစ်ကွန်ရက်ရုံး မှာ မေလ ၆ ရက်နေ့ကပြုလုပ်စဉ်
မန္တလေးမြို့ကနေ ရန်ကုန်ကို ချီတက်ခဲ့တဲ့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းမှာ လက်ခံရရှိတဲ့ အလှူငွေဟာ ကျပ်သိန်း ၁၉၉သိန်းဖြစ်ပြီး သုံးစွဲငွေက ၁၇၃ သိန်းဖြစ်ကြောင်း ဖေ့စ်ဘွတ်မှာ ပြောဆိုနေကြသလို ငွေကျပ်သိန်း ကိုးထောင်ရတယ်ဆိုတာ မှားယွင်းကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကကသ) ဥက္ကဌ ကိုကျော်ကိုကို က ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို ကျောက်တံတားမြိုနယ် ၃၆လမ်းရှိ မြန်မာဂျာနယ်လစ်ရုံးခန်းမှာပြုလုပ်တဲ့ ဗကသ ဗဟိုလုပ် ငန်းကော်မတီ သတင်းစာရှင်းလင်းပွဲမှာ ကိုကျော်ကိုကို က ငွေကြေးကိစ္စကို ထည့်သွင်းရှင်းပြခဲ့တာ ဖြစ်ပါတယ်။
"အလှူရှင်တွေဆီကနေ စုစုပေါင်း ၁၉၉ သိန်းရှိပါတယ်၊ ကျနော်တို့ လက်ကျန်ငွေ ၂၆ သိန်းရှိပါတယ်၊ တစ်ဦးချင်း အလှူရှင်နာမည်တွေ မပြောနိုင်တာက တချို့အလှူရှင်တွေအနေနဲ့ အဲ့အချိန်ကာလ မှာ ထောက်လှမ်းရေးတွေ အစရှိသဖြင့် ဖိအားပေးတဲ့အတွက်ကြောင့် သူတို့ကိုယ်တိုင်က နာမည်ကို ထုတ်ဖော်မပြောကြားပါနဲ့လို့ ပြောထားတာတွေရှိပါတယ်၊ တချို့ကျတော့လည်း မမှတ် မိနိုင်လောက်အောင် များပြားတဲ့ ပြည်သူလူထုတွေက လာကူတာတွေရှိပါတယ်၊ ဒါပေမဲ့ အစိုး ရလော်ဘီတွေ ပုံဖျက်နေသလို ဒေါက်တာနိုင်အောင်တို့ မခင်ဥမ္မာတို့ဆီက နေ ပေးတယ်ဆိုတဲ့ပိုက်ဆံ လုံးဝမရရှိပါဘူး"
ဗကသ အဖွဲ့က လက်ခံရရှိတဲ့ အလှူငွေထဲက လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွဲခံရစဉ်က ပျက်စီးသွားတဲ့ ကားအတွက် ၃၅ သိန်း၊ သပိတ်အတွင်း ကုန်ကျစရိတ်နဲ့ အထိမ်းအမှတ်ပွဲတွေအတွက် ကုန်ကျစရိတ်ပေါင်းလိုက်ရင် ၁၇၃ သိန်းအသုံးပြုခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေးအဖြေရှာနိုင်ဖို့ တင်ပြထားတယ်လို့လည်း ပြောပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသအဖွဲ့က ဘဏ္ဍာရေးကိစ္စ၊ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုညီလာခံ ခေါ်ယူနိုင်ရေးကိစ္စအပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေဆုံဖို့ တင်ပြထားတဲ့ အကြောင်းတွေကို ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြခဲ့ပါတယ်။
RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားပါတယ်။









