ဖမ်းဆီးခံထားရတဲ့ Myanmar Veneer သစ်အချောထည်စက်ရုံက သပိတ်မှောက် အလုပ်သမားတွေနဲ့ ဝန်းရံကူညီသူ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေ၊ ကျောင်းသားတွေကို လွှတ်ပေးဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။
ဗကသများအဖွဲ့ချုပ်ရဲ့ ကြေညာချက်ကို မနေ့ကရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး၊ အင်အားသုံးဖြိုခွင်းတာကို လက်မခံနိုင်ကြောင်း ဗကသများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ် က ပြောပါတယ်။
"ဒီမိုကရေစီနိုင်ငံတစ်ခုမှာ အရင်စစ်အစိုးရလက်ထက်ကလိုမျိုး လွတ်လပ်စွာဆန္ဒထုတ်ဖော်တာကို အင်အားသုံးပြီး ဖြိုခွဲတာမျိုးကို ကျနော်တို့ သဘောမကျဘူး၊ နောက်တစ်ချက်က အလုပ်သမားတွေကို လိုက်ပါဝန်းရံကူညီပေးတဲ့ ကျနော်တို့ ဗကသအဖွဲ့အစည်းက ကျောင်းသား ၆ ယောက် ဖမ်းဆီးထိန်းသိမ်းခံရတယ်၊ လက်ပံတန်း အကြမ်းဖက်မှုရဲ့ နောက်ဆက်တွဲဖြစ်ရပ်လိုမျိုး ပုဒ်မတွေမျိုးစုံနဲ့ အရေးယူတာမျိုး ကျနော်တို့မလိုလားဘူး"
အလုပ်သမားတွေနဲ့အတူ ဖမ်းဆီးတရားစွဲခံလိုက်ရတဲ့ ဗကသများအဖွဲ့ချုပ်ဝင်တွေက ကိုရဲရင့်ပိုင်မှူး၊ ကိုသန်းထိုက်၊ ကိုကောင်းဇော်ဟိန်း၊ ကိုဗစ်တာနဲ့ မယုသဉ္ဇာအောင် တို့ဖြစ်ပါတယ်။
အလားတူ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကလည်း ဖမ်းဆီးခံအလုပ်သမားတွေနဲ့ ဝန်းရံကူညီသူတွေအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း က အခုလိုပြောပါတယ်။
"အစိုးရဟောင်းလက်ထက်က ဒီအလုပ်သမား လှုပ်ရှားမှုတွေရှိတယ်၊ အဲ့အလုပ်သမား လှုပ်ရှားမှုတွေကို ဖြေရှင်းပုံ က သပိတ်ကိုဖြိုခွဲပြီးတော့ သပိတ်ခေါင်းဆောင်တွေကို ဖမ်းဆီးတဲ့နည်းဖြစ်ပါတယ်၊ အခုအစိုးရသစ်မှာကတော့ ဒီနည်းမဟုတ်ဘဲနဲ့ သမ္မတကြီးရဲ့ သဝဏ်လွှာထဲကလို သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးနဲ့ ဖြေရှင်းပေးနိုင်လိမ့် မည်လို့ ကျနော်တို့မျှော်လင့်ပါတယ်၊ အဲ့အတိုင်းပဲဖြစ်စေချင်တယ်၊ အခုအဲ့လိုဖြစ်ပုံမရတဲ့အတွက် ကျနော်တို့အနေနဲ့ ဒီဥစ္စာက အဲ့ဒီလိုပဲဖြစ်သင့်တယ်ဆိုတဲ့အချက်ကို ညှိနှိုင်းဖြေရှင်းပေးတဲ့နည်းနာကို အစိုးရသစ်အနေနဲ့ ဆောင် ရွက်ပေးသင့်တယ်ဆိုတဲ့ဟာကို အထူးအားဖြင့် တိုက်တွန်းချင်တဲ့ကိစ္စဖြစ်ပါတယ်"
နိုင်ငံလုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂကလည်း နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ ပြည်သူ့ကိုယ်စားပြုခေါင်းဆောင်တွေကလည်း ရပိုင်ခွင့်တွေတောင်းဆိုနေတဲ့ အလုပ်သမားတွေ ဘက်ကနေရပ် တည်ပြီး၊ တောင်းဆိုချက်တွေ ပြေလည်အောင် ညှိနှိုင်းဖြေရှင်းပေးဖို့ တိုက်တွန်းကြောင်း ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။
