မိုးပျံပူဖောင်းစီမံကိန်းကို ဖျက်သိမ်းပေးဖို့ ဆန္ဒပြတောင်းဆို


2017.02.11
kandawgyi-park-620.jpg ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကန်တော်ကြီးပန်းခြံကို တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ကန်တော်ကြီးအတွင်း အကောင်အထည်ဖော်မယ့် မိုးပျံပူဖောင်း စီမံကိန်းကို ဖျက်သိန်းပေးဖို့ ကန်တော်ကြီး ထဲမှာ နေ့စဉ်ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ကိုင်သူ ၅၀ နီးပါးက ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

ရန်ကုန်မြို့ရှုခင်းတွေကို အမြင့်ကနေ ကြည့်ရှုနိုင်မယ့် မိုးပျံပူဖောင်း စီမံကိန်းကို Myanmar Voyages International Tourism ကုမ္ပဏီက မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးအတွင်းက ငါးပြတိုက် ဟောင်းနေရာ အနီးမှာ လုပ်ကိုင်ခွင့် ရရှိထားတာဖြစ်ပါတယ်။

အဲဒီကုမ္ပဏီဟာ ရန်ကုန်မြို့တော်စည်ပင် ပန်းဥယျာဉ်နဲ့ အားကစားကွင်းများဌာနနဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စာချုပ်ချုပ်ဆိုခဲ့ပြီး စီမံကိန်း မြေနေရာမှာရှိနေတဲ့ သစ်ပင်တွေကို ကန်ထရိုက်ငှားရမ်းပြီး ရွှေ့နေပြီဖြစ်ပါတယ်။

မိုးပျံပူဖောင်း စီမံကိန်းကြောင့် သစ်ပင်တွေကို ရွှေ့ပြောင်းတာတွေဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေကြောင်း၊ နေ့စဉ် ကျန်းမာရေးလုပ်ကိုင်သူတွေအတွက် နေရာကန့်သတ်ချက် ရှိသွားနိုင်ကြောင်း နဲ့ ရွှေတိဂုံဘုရားနဲ့ နီးကပ်နေကြောင်း စတဲ့အချက်တွေကြောင့် စီမံကိန်းကို ကန့်ကွက်တာ ဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

တစ်နှစ်စာ ငှားရမ်းခ ကျပ်သိန်းပေါင်း ၁ ထောင်ကျော်နဲ့ မြေဧရိယာ ၂၀၀ လောက်မှာ မိုးပျံပူဖောင်းစီမံကိန်းကို အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ အဲဒီကုမ္ပဏီဟာ အခကြေးငွေယူပြီး ရန်ကုန်မြို့ ရှုခင်းတွေကို ကြည့်ရှုနိုင်အောင် မိုးပျံပူဖောင်းတွေကို ဓာတ်ငွေ့အသုံးပြုပြီး အမြင့်ပေ ၄၀၀ လောက်အထိ အပေါ်အောက် အတက်အဆင်းပြုလုပ်ပေးမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။