ဧရာဝတီမြစ်ရေကြီးတဲ့အတွက် ဗန်မော်ခရိုင်အတွင်းက ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြတဲ့ ရေဘေး ဒုက္ခသည်အရေအတွက်ဟာ ဒီကနေ့အထိ ၁၆၀၀ ကျော်ရှိပြီဖြစ်ပါတယ်။
ယာယီဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ သြဂုတ် ၁၅ ရက်နေ့က လူဦးရေ ၁၂၀၀ ကျော်ရှိရာကနေ ဒီကနေ့ နောက်ဆုံးစာရင်းအရ တခရိုင်လုံးမှာ အိမ်ထောင်စု ၃၆၀ ကျော်နဲ့ လူဦးရေ ၁၆၀၀ ကျော်ရှိကြောင်း ဗန်မော်ခရိုင် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဋ္ဌာနမှူး ဦးမြင့်ဋ္ဌေးက ပြောပါတယ်။
"ဒီမှာက ရေကစကျပြီဆိုတော့ မိသားစုတွေတော့ နေအိမ်တော့ မပြန်သေးဘူး။ ဗန်းမော်က နောက်ဆုံး ၂၆၈ စု၊ လူဦးရေ ၁၁၄၅။ ရွှေကူ ၉၉၊ ဟုတ်ကဲ့ ၄၉၆ လူဦးရေ။ တခရိုင်လုံးအချုပ်ဆို ၃၆၇၊ လူဦးရေ ၁၆၅၁ ။ ရေကျနေတဲ့ပုံစံနဲ့ဆို ကျနော်တို့ မနက်ဖြန်ညနေပိုင်းလောက်ဆို ပြန်နိုင်ပြီလို့ထင်ပါတယ်။ နည်းနည်းပေါ့။ သန်ဘက်ခါလောက်ဆိုရင်တော့ တော်တော်လေးပြန်နိုင်ပြီ။"
ဗန်းမော်မြို့မှာ သြဂုတ်လ ၁၆ ရက်နေ့ ညနေပိုင်းကစပြီး ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းနေပြီဖြစ်ပေ မဲ့ ရေဝင်ရောက်နေဆဲဖြစ်တဲ့အတွက် ဗန်းမော်မြို့ ခွန်သာရပ်ကွက်နဲ့ ဧရာဝတီမြစ်အနောက်ဘက်ကမ်း လက်ပံတန်း၊ ကောင်းဆင့်၊ ရေလဲ စတဲ့ကျေးရွာတွေက စာသင်ကျောင်းတွေကို ယာယီပိတ်ထားရတဲ့ အခြေအနေဖြစ်ပါတယ်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားပေးရေးဋ္ဌာနနဲ့ အစိုးရဌာနဆိုင်ရာတွေက ရေဘေးသင့်ပြည် သူတွေကို ကူညီပေးနေသလို၊ ဒေသခံပြည်သူတွေနဲ့ ကမ္ဘောဇအနာဂါတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း ကလည်း ထမင်းထုပ်နဲ့ ရေသန့်တွေ ဝေငှပေးနေတယ်လို့ ပြောပါတယ်။
ဗန်းမော်မြို့ရဲ့ ဧရာဝတီမြစ် စိုးရိမ်ရေမှတ်ဟာ ၁၁၅၀ စင်တီမီတာဖြစ်ပြီး ဒီကနေ့ နေ့လည်ပိုင်း တိုင်းထွာချက်အရ ၁၀၉၇ စင်တီမီတာကို ရောက်ရှိနေပါတယ်။ ဧရာဝတီမြစ်ကြောင်းတလျှောက်မြို့တွေဖြစ်တဲ့ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ စစ်ကိုင်း စတဲ့မြို့တွေမှာဆိုရင် ဧရာဝတီမြစ်ရေဟာ အဲဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ်အထက် ကို ရောက်ရှိနေကြာင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဋ္ဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အလားတူ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဧရာဝတီမြစ်ရေကြီးခဲ့လို့ ခေါင်ဖူး၊ စံကင်း၊ တာလောကြီး စတဲ့ရွာတွေ က တောင်သူ ၂၄၀ ကျော်ရဲ့ ပြောင်းဖူးစိုက်ဧက ၂၇၀၀ ကျော် ရေနစ်မြုပ်ပျက်စီးခဲ့တဲ့ အခြေအနေတွေကို အစိုးရထံတင်ပြထားတယ်လို့ တာလောကြီးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းထူး က ပြောပါတယ်။
