စစ်ကောင်စီတပ်က ထားဝယ်အရှေ့ဘက်ခြမ်းကို ရိက္ခာသယ်ယူခွင့် ပိတ်ပင်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့ဘက်ခြမ်းကို ဆန်၊ ဆေးဝါးနဲ့ စက်သုံးဆီ သယ်ယူခွင့်ကို ဩဂုတ်လလယ်ကစလို့ စစ်ကောင်စီတပ်က ပိတ်ပင်တားဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပကာရီ၊ ပခပ်၊ ရမ္မဇူ၊ သရက်ငုပ်တို၊ လိပ်ကြယ်ပြောင်၊ ဝကုန်း၊ ၂၃ မိုင်၊ ကျောက်မဲတောင်၊ တောင်သုံးလုံး စတဲ့ကျေးရွာတွေဘက်ကို သယ်ယူခွင့်မပြုတော့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အရင်ကလည်း ကန့်သတ်ထားတာ။ဒါပေမဲ့ သယ်လို့တော့ရတယ်။ အခုက လုံးဝသယ်ခွင့် မပေးတော့ဘဲ ရိက္ခာလမ်းကြောင်း ဖြတ်ထားတာ"

ဒါကြောင့် ဒေသခံတွေ အခက်အခဲဖြစ်နေတယ်လို့ သူက ပြောပါတယ်။

ထားဝယ်မြို့ အရှေ့ဘက်ခြမ်းကိုသွားလို့ရတဲ့ ဗျောတောဝ၊ ၈ မိုင်၊ ပကာရီ ရဲစခန်းနဲ့ ကျောက်မဲတောင်တွေမှာ စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်တွေထားပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို သယ်ယူခွင့်မပြုတော့တာပါ။

ဒါနဲ့ ပတ်သက်လို့ တနင်္သာရီတိုင်း စစ်ကောင်စီ ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဒီကနေ့ တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ရိက္ခာသယ်ယူခွင့် ပိတ်ပင်ခံထားရတဲ့ ဒေသတွေမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်တွေ နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ လှုပ်ရှားနေသလို စစ်ဘေးဒုက္ခသည်တွေလည်းရှိနေပါတယ်။