စစ်အစိုးရကို စိတ်ပျက်စကား အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ထပ်မံပြောကြား

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ မတိုင်မီ စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ စကားပြောနိုင်ဖို့ ကြိုးပမ်းချက်တွေကို စစ်အစိုးရက လျစ်လျူရှု ထားတဲ့အတွက် စိတ်ပျက် အားမရ ဖြစ်ရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သြဂုတ်လ ၉ ရက် မနေ့က ထပ်မံ ပြောကြားလိုက်ပါတယ်။

လစဉ် ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေနဲ ့ တွေ့ဆုံ ပြောကြားရာမှာ သူနဲ့ အကြံပေးအရာရှိ ဗီဂျေး နမ်ဘီးယားတို့က စစ်ခေါင်းဆောင်တွေနဲ ့ တွေ့ခွင့်ရဖို့ အမျိုးမျိုး ကြိုးစားနေပေမယ့် သူတို့ရဲ့ အားထုတ်မှုတွေကို စစ်အစိုးရက လျစ်လျူရှုထားကြောင်း၊ အခုလို အရေးကြီးတဲ့ အချိန်မှာ ပူးပေါင်းဆောင်ရွက်မှု မရှိတာဟာ မြန်မာနိုင်ငံအတွက် အခွင့်အရေးကောင်းတခု လက်လွတ်ဆုံးရှုံးရတာ ဖြစ်ကြောင်း၊ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

ရွေးကောက်ပွဲ ဥပဒေတွေဟာ စစ်အစိုးရထောက်ခံမှု ပေးထားတဲ့ ပါတီ အနိုင်ရရှိဖို့ အတွက် ရေးဆွဲထားတာ ဖြစ်ပြီး ကျန်တဲ့ ပါတီတွေအတွက် သိပ်ပြီး တင်းကျပ်လွန်းတယ်လို့လည်း သူက ပြောကြားသွားပါတယ်။