ဘန်ကောက်မြို့ အနှိပ်ခန်းတစ်ခုက ဖမ်းဆီးမိခဲ့တဲ့ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီး ၁၂၁ ဦးထဲက နိုင်ငံကူးလက်မှတ်အထောက်အထားမရှိဘဲ တရားမဝင်ဝင်ရောက်လာတဲ့ နိုင်ငံခြားသူ ၅၇ ဦး ကို ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားဖို့ ဘန်ကောက်မှုခင်းဆိုင်ရာ တရားရုံးက မနေ့က အမိန့်ချလိုက်ပြီး တခြား သံသယရှိသူ ၂ဝ ဦးကို ဘတ် ၄ဝဝဝ စီ ဒဏ်ငွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီအမျိုးသမီးအများစုဟာ မြန်မာနိုင်ငံကနေ လူမှောင်ခိုကူးခံရပြီး ရောက်ရှိလာတာ ဖြစ်ပြီး လာအိုနဲ့ ကမ္ဘော ဒီးယားနိုင်ငံ တွေကလည်းပါဝင်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
အနှိပ်ခန်း ဝန်ထမ်း ၅ ဦးကိုတော့ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ဖို့ အမျိုးသမီးတွေကို ခေါ်ဆောင် ထားမှု၊ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်မှုတွေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးဥပဒေအရ ဖမ်းဆီးထိန်း သိမ်းထားတယ်လို့ အမှတ် ၁ ဘန်ကောက်မြို့ပြရဲဌာနက ဒုရဲမှူး ဗိုလ်မှူးကြီး ချာယု မာရာယတ်က ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ တရားခံ ၇၇ ဦးမှာ ၂၃ ဦးက ထိုင်းနိုင်ငံသားတွေဖြစ်ပြီး သူတို့ကို ဒဏ်ငွေချမှတ် ခဲ့ကြောင်း၊ ဖမ်းဆီးရမိခဲ့တဲ့ မိန်းကလေးတွေထဲက ၁၈ နှစ်အောက် အသက်မပြည့်သေးတဲ့ မိန်းကလေး ၉ ဦးကို လူကုန်ကူးခံရသူတွေအဖြစ် သတ်မှတ်ထားကြောင်းလည်း ဒီကနေ့ထုတ် Nation သတင်းစာမှာ ရေးသားထားပါတယ်။
