စစ်ကောင်စီဘဏ်နှစ်ခုရဲ့ ငွေစာရင်းတွေကို ဘင်္ဂလားဒေ့ရှ်ထိန်းချုပ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Sonali ဘဏ်မှာ ဖွင့်ထားတဲ့ စစ်ကောင်စီရဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တွေရဲ့ ငွေစာရင်းတွေကို ပိတ်ပင်ထိန်းချုပ်လိုက်ပါတယ်။

မြန်မာစစ်ကောင်စီအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို လိုက်နာဖို့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ အမေရိကန်သံရုံးက ဘင်္ဂလားဒေ့ရှ်အစိုးရကို စာပေးပို့လိုက်ပြီးနောက် စစ်ကောင်စီရဲ့ ဘဏ်ငွေစာရင်းတွေကို အခုလို ပိတ်ပစ်လိုက်တာပါ။

Sonali Bank ရဲ့ အမှုဆောင်အရာရှိချုပ် Md. Afzal Karim က… "အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ဘဏ်နှစ်ခုရဲ့အကောင့်တွေကို ကျွန်တော်တို့ ပိတ်သိမ်းထားပါပြီ" လို့ အတည်ပြုပြောဆိုပါတယ်။

မြန်မာဘဏ်နှစ်ခုက အပ်နှံထားတဲ့ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ တစ်သန်းတစ်သိန်းကျော် ရှိတယ်လို့ Sonali ဘဏ်ကပြောကြားကြောင်းလည်း RFA ရဲ့ ညီနောင်သတင်းဌာန Benar News က ဩဂုတ်လ ၁၆ ရက်နေ့မှာ ဖော်ပြပါတယ်။

Sonali ဘဏ်မှာရှိတဲ့ ဘဏ်စာရင်းတွေကို ပြန်ဖွင့်ပေးဖို့ မြန်မာစစ်ကောင်စီက တောင်းဆိုခဲ့ပေမယ့် ဒဏ်ခတ်ပိတ်ဆို့မှုကို အမေရိကန်ပြည်ထောင်စုက ပြန်လည်မရုပ်သိမ်းမချင်း ပြန်ဖွင့်ပေးဖို့ မဖြစ်နိုင်ပါဘူးလို့လည်း Sonali ဘဏ်ရဲ့ အမှုဆောင်အရာရှိချုပ် Karim က ပြောပါတယ်။