နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတားဆီးဖို့ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် သဘောတူ


2018.07.12
ngakhura-border-police-622 ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငါးခူရစခန်းတွင် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ၂ဝ၁၈ ဇွန်လ ၂၈ ရက်နေ့က တွေ့ရစဉ်။
AFP

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ တားဆီးကာကွယ်ဖို့၊ နယ်စပ်လုံခြုံရေး တိုးမြှင့်ဖို့နဲ့ နယ်စပ်ရေးရာကိစ္စရပ်တွေ ပိုမိုစီမံခန့်ခွဲဖို့ နှစ်ဖက်အာဏာပိုင်တွေ ဒီနေ့ သဘောတူညီလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျင်းပတဲ့ BGB- ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နဲ့ BGP- မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ နယ်စပ်ရေးရာ စည်းဝေးပွဲမှာ သဘောတူလိုက်တာပါ။

လေးရက်ကြာဆွေးနွေးပွဲကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေကို BGB စစ်ဆင်ရေးနဲ့ ပို့ချရေးဌာန တွဲဖက်-ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် Mujibur Rahman က သတင်းထောက်တွေကို ရှင်းပြပါတယ်။

မူးယစ်ဆေးဝါးမှောင်ခိုကူးမှု၊ လက်နက် တရားမဝင်ရောင်းဝယ်မှု၊ အမျိုးသမီးနဲ့ကလေးတွေ လူကုန်ကူးမှုတို့ကို ထိန်းချုပ်ဖို့အပြင်၊ နယ်စပ် ပူးတွဲကင်းလှည့်ပြီး ရာဇဝတ်မှုတွေ ထိန်းချုပ်ဖို့၊ နယ်စပ်ဒေသ ထောက်လှမ်းရေးလုပ်ငန်း တိုးမြှင့်ဖို့နဲ့ နှစ်နိုင်ငံက မြေပြင်အဆင့်တပ်မှူးတွေ အချင်းချင်း စဉ်ဆက်မပြတ် ဆက်သွယ်နေဖို့လည်း သဘောတူညီကြပါတယ်။

အဖွဲ့ဝင် ၁၅ ဦးပါတဲ့ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့ကို BGB တွဲဖက် ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် Anisur Rahman ဦးဆောင်ပြီး အဖွဲ့ဝင် ၁၁ ဦးပါတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဗိုလ်မှူးချုပ်မျိုးသန်းက ဦးဆောင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။