ရိုဟင်ဂျာလူဦးရေ ဘင်္ဂလားဒေ့ရှ်အစိုးရ ရက်တိုးကောက်ခံ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရိုင် ၆ ခရိုင်မှာရှိတဲ့ ရိုဟင်ဂျာလူဦးရေ သန်းခေါင်စာရင်း ကောက်ခံရာမှာ ရာသီဥတုဆိုးဝါးတဲ့အတွက် နောက်ထပ် ၄ ရက်တိုး စာရင်းကောက်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရအရာရှိ တစ်ဦးကို ကိုးကားပြီး BDnews24 သတင်းဌာနက ဒီကနေ့ သတင်းရေးသားထားပါတယ်။

“မှတ်ပုံတင်စာရင်းမရှိတဲ့ မြန်မာနိုင်ငံက လာရောက်သူများ” လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက တရားဝင် အမည်ပေး သတ်မှတ်ထားတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ ကို ကောက်စ်ဘဇား၊ ပက်တူခါလီ၊ ခါဂရာချာဟီ၊ ဘန်ဒါဘန်း၊ စစ်တကောင်းနဲ့ ရန်ဂါးမတီ ခရိုင် ၆ ခရိုင်မှာ တနင်္လာနေ့အထိ စာရင်းကောက်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် သန်းခေါင်စာရင်းဌာန ညွန်ကြားရေးမှူးက ပြောပါတယ်။

ဇွန်လ ၂ ရက်နေ့က စတင်ခဲ့တဲ့ ဒီသန်းခေါင်စာရင်းအရ ဒီခရိုင် ၆ ခရိုင်မှာ ရိုဟင်ဂျာအိမ်ထောင်စု ၅ သောင်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလိုစာရင်းကောက်ဖို့ အစိုးရဝန်ထမ်း ၄ ထောင်နီးပါး အသုံးပြုခဲ့ပြီး စာရင်းအထောက်အထားမရှိတဲ့ ရိုဟင်ဂျာ ၂ သိန်းကနေ ၅ သိန်းအထိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကလည်း ဒုက္ခသည် စခန်း ၂ ခုမှာ စာရင်းကောက်နေပြီး လူအရေအတွက် ၃ သောင်း ၃ ထောင်ခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒီသန်းခေါင်စာရင်းက တွေ့ရှိတဲ့ ရိုဟင်ဂျာလူဦးရေ အရေအတွက်ကို ဒီဇင်ဘာလမှာ ပုံနှိပ်ထုတ်ပြန် သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဘင်္ဂါလီလို့ အစိုးရက တရားဝင်ခေါ်တဲ့ ရိုဟင်ဂျာ မွတ်စလင်တွေဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၂ နိုင်ငံလုံးက လက်မခံတဲ့ နိုင်ငံမဲ့လူမျိုးတွေအဖြစ် ကမ္ဘာက သိရှိထားပါတယ်။