သူတို့မြေမှာ RSO အဖွဲ့မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်ဘက်က ငြင်းဆို

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲကို ဝင်ရောက်ပြီး ရဲစခန်း သုံးခုကို စီးနင်းတိုက်ခိုက်သွားသူတွေဟာ RSO အဖွဲ့အပါအဝင် ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်က ဝင်ရောက်လာတဲ့ အကြမ်းဖက်သမားတွေ ဖြစ်တယ်လို့ မြန်မာ အာဏာပိုင်တွေရဲ့ပြောကြားချက်နဲ့ ပတ်သက်ပြီး BGB ဘင်္ဂလာဒေ့ချ်နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် အာဇစ် အာမန်က ငြင်းဆိုလိုက်ပါတယ်။

ဗိုလ်ချုပ် အာဇစ်အာမန် ကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော် အခြေစိုက် Benar သတင်းဌာန က မေးမြန်းခဲ့တာဖြစ်ပြီး သူ့အဆိုအရ RSO အဖွဲ့အပါအဝင် မြန်မာနိုင်ငံဘက်က အစွန်းရောက်ဆိုသူတွေ ဘင်္ဂလာဒေ့ရှ်ဘက်မှာ ဝင်ရောက် အခြေစိုက်တာ မရှိဘူးလို့ပြောပါတယ်။

မြန်မာဘက်က လာရောက်ခဲ့ပြီး ဖမ်းဆီးရမိတဲ့ အကြမ်းဖက်သမားလို့ မသင်္ကာသူတွေကို ဘင်္ဂလာဒေ့ရှ် အစိုးရ က မြန်မာ အစိုးရကို မကြာခဏ လွဲပြောင်း ပေးအပ်တာတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ အဓိကအနေနဲ့ ကတော့ မြန်မာအာဏာပိုင်တွေအနေနဲ့ RSO အဖွဲ့နဲ့ ပတ်သက်ပြီး ဘင်္ဂလာဒေ့ရှ်ဘက်က ဆောင်ရွက်ချက်တွေကို အသေအချာသိရှိထားပါတယ်လို့ သူက ပြောပါတယ်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတဦးကလည်း အလားတူပဲ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အကြမ်းဖက်သမားတွေဟာ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဘက်က ဝင်ရောက်သွားတာ မဟုတ်ဘူးလို့ ပြောကြောင်း Benar သတင်းမှာရေးသားထားပါတယ်။

တနင်္လာနေ့ထုတ် အမေရိကန်ပြည်ထောင်စု က New York Times သတင်းစာကြီးကလဲ သူတို့ သတင်းထောက် ကိုဝေဖြိုး ပေးပို့တဲ့ သတင်းအရ ဒီဖြစ်ရပ်တွေမှာ ရိုဟင်ဂျာ ရွာသားတွေ အပါအဝင်လူ ၂၄ ယောက်လောက် သေဆုံးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ မောင်တောမြို့နယ်ထဲမှာ ရွာသား ၇ ယောက်ကို နယ်မြေရှင်းလင်ရေး အဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

(ပြင်ဆင်ချက် - စောစောပိုင်းက သတင်း နောက်ဆုံးပိုဒ်မှာ သေဆုံးသူတွေ ထဲမှာ ဘင်္ဂါလီ များပါဝင်တယ်လို့ မရည်ရွယ်ဘဲ ဖေါ်ပြခဲ့မိပါသည်။ ယင်းစာပိုဒ်ကို ပြင်ဆင်ထားပါသည်။)