မောင်တောကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး သွားရောက်လေ့လာ

2018-08-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီ ကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က စစ်တွေမြို့မှာ တွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီ ကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က စစ်တွေမြို့မှာ တွေ့ရစဉ်
Photo: Min Thein Aung/RFA

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီဟာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ မောင်တောဒေသကို ဒီနေ့ သွားရောက်လေ့လာခဲ့ပါတယ်။

ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးအတွက် မြန်မာအစိုးရဘက်က ပြင်ဆင်ထားတဲ့ အခြေအနေတွေကို လေ့လာတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်စွာထွန်း က ပြောပါတယ်။

"နှစ်နိုင်ငံ သဘောတူစာချုပ် MoU ထိုးထားတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဘက်က ပြင်ဆင်ထားတာတွေကို ပြချင်တယ်။ တောင်ပြိုလက်ဝဲရယ်၊ ငါးခူရရယ်"

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘောတူညီချက် လုပ်ငန်းစဉ်တွေထဲမှာပါတဲ့အတိုင်း ဒုက္ခသည်တွေကို လက်ခံဖို့ မြန်မာနိုင်ငံဘက်က အသင့်ဖြစ်နေပြီဆိုတာကိုပြသဖို့ ရည်ရွယ်တာလို့လည်း ညွှန်ကြားရေးမှူး ဦးကျော်စွာထွန်းက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဟာ မောင်တောမြို့နယ် တောင်ပြို၊ ငခူရနဲ့ လှဖိုးခေါင်စခန်းတွေကို သွားရောက်ခဲ့ သလို ပန်းတောပြင်မွတ်စလင်ရွာနဲ့ ကိုင်းကြီး မြိုတိုင်းရင်းသားရွာတွေကိုလည်း သွားရောက်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး ပါဝင်သလို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ရခိုင်ပြည် နယ် ဝန်ကြီးချုပ် ဦးညီပုတို့လည်း အတူလိုက်ပါခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပါဝင်တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဝန်ကြီးအဆင့်အစည်းအဝေးတစ်ရပ်ကို မနေ့က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးရောက်ရှိနေကြသူတွေကို ပြန်လည် လက်ခံရေးကိစ္စအပေါ် အဆောတလျင်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား သဘောတူထားတဲ့ စိစစ်ရေးပုံစံတွေကို ကော့(ဇ်)ဘဇားမှာရောက်ရှိနေတဲ့ နေရပ်စွန့်ခွာသူတွေထံ ဖြန်ဝေရေး စတဲ့ အချက် (၈) ချက်ကို သဘောတူခဲ့ကြ တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက မနေ့က သတင်းထုတ်ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီနေ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း စစ်တွေလေဆိပ်နဲ့ မြို့ပေါ်နေရာအချို့မှာ လုံခြုံရေးတွေ တင်းကျပ်ထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့