ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေ စာရင်းကောက်

မြန်မာနိုင်ငံဘက်ကနေရောက်နေတဲ့ ရိုဟင်ဂျာမွတ်စလင်အရေအတွက်ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ကွင်းဆင်းစစ်ဆေးနေပြီလို့ အေပီသတင်းတရပ်မှာ မနေ့က ဖေါ်ပြလိုက်ပါတယ်။

ကော့ဆက်ဘဇားခရိုင်မှာဖွင့်ထားတဲ့ ဒုက္ခသည်စခန်းနှစ်ခုမှာ တရားဝင်စာရင်းအရ ၃ သောင်း ၃ ထောင်ပဲရှိပေ မယ့်၊ အမှန်တကယ်တော့ ၃ သိန်းကနေ ၅ သိန်းကြား ရှိနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကပြော ပါတယ်။

ဒီအစီအစဉ်ကို ဆွစ်ဇလန်နိုင်ငံ ဂျနီဖာမြို့အခြေစိုက် IOM ခေါ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများ ကူညီရေးအဖွဲ့ရဲ့ အကူအညီနဲ့ဘင်္ဂလားဒေ့ရှ်လူဦးရေ သန်းခေါင်းစာရင်းဌာနက ဒီသတင်းပတ်ထဲမှာစလို့ ကွင်းဆင်းစစ်ဆေးနေတာဖြစ်ပြီး၊ လာမယ့် ဗုဒ္ဓဟူးနေ့ထိဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။

ပဏာမကွင်းဆင်းစစ်ဆေးပြီးရင် လူဦးရေစာရင်းကောက်တာကို နောက်လထဲမှာ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာလူဦးရေစာရင်းကောက်တဲ့အခါ သူတို့ရဲ့ဘဝအခြေအနေနဲ့ လူမှုရေး၊ စီးပွားရေး အခြေအနေတွေကို အဓိကထား ကောက်ယူမှာဖြစ်တယ်လို့သိရပါတယ်။