ရခိုင်ပြည်နယ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် (BGP) ၂၉ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို မတ်လ ၁၁ ရက်နေ့က ဝင်ရောက်ခိုလှုံလာကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) တပ်ရင်း ၁၁ ထိန်းချုပ်ရာ နယ်စပ်ကနေ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ခိုလှုံလာတာလို့ BGB ပြည်သူ့ဆက်ဆံရေးအရာရှိကပြောကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် News Age သတင်းဌာနက ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်ခိုလှုံကြတာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းကလည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေ စုစုပေါင်း ၃၃၀ ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်ခိုလှုံခဲ့ကြပါတယ်။ အဲဒီသူတွေကို ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စစ်ကောင်စီကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။
စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ဖေဖော်ဝါရီ ၅ ရက်နေ့က တိုက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို မော်တာကျည်ဆန် ကျရောက်ပေါက်ကွဲခဲ့လို့ နှစ်ဦးသေဆုံးခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်ရဲ့လုံခြုံရေးကို လာထိခိုက်မှာ မလိုလားတဲ့အကြောင်းနဲ့ လက်ရှိဖြစ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီသံအမတ် ဦးအောင်ကျော်မိုးကို ဆင်ခေါ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟတ်ဆန် မာမတ်က ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပြောထားပါတယ်။