နယ်ခြားစောင့်တပ်သား နှစ်ရာလောက် ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေး
2024.03.11
စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် အယောက် နှစ်ရာလောက် ဘင်္ဂလားဒေ့ရှ်ဘက် မတ်လ ၁၁ ရက် မနေ့က ထွက်ပြေးခိုလှုံလာတယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက RFA ရဲ့ ညီနောင်သတင်းဌာနဖြစ်တဲ့ BenarNews ကို ပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေကြောင့် အခုလို အလုံးအရင်းနဲ့ ထွက်ပြေးလာကြတာလို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းမှာ လက်ရှိအချိန်ထိ တိုက်ပွဲတွေပြင်းထန်နေပြီး၊ အဲဒီတိုက်ပွဲတွေကို ဘင်္ဂလားဒေ့ရှ်ဘက်က စောင့်ကြည့်နေတယ်လို့ ဒေသအာဏာပိုင်တစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ပွဲတွေကနေ ပစ်လိုက်တဲ့ လက်နက်ကျည်တစ်လုံး ဘင်္ဂလားဒေ့ရှ်ဘက် မနေ့က ကျရောက်ခဲ့ပြီး၊ နယ်စပ်မှာရှိတဲ့ ဒေသန္တရကောင်စီအဖွဲ့ဝင်တစ်ဦးကို ထိမှန်ခဲ့တယ်လို့လည်း ကောင်စီဥက္ကဋ္ဌက ပြောပါတယ်။
အဲဒီလက်နက်ကျည်ထိမှန်တဲ့သူကို ကော့ဇက်ဘဇားဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း ပြောပါတယ်။
မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရက္ခိုင့်တပ်တော် (AA) နဲ့ တိုက်ပွဲတွေမှာ စစ်ရှုံးနိမ့်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးနေကြတာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက် ၃ဝဝ ကျော်လောက် ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးလာခဲ့ဖူးပြီး၊ အဲဒီထွက်ပြေးလာသူတွေကို ဘင်္ဂလားဒေ့ရှ်က မြန်မာဘက်ပြန်ပို့ခဲ့ပါတယ်။