NGO အဖွဲ့အစည်းတွေ ဆက်လက် အကူအညီ ပေးခွင့်ပြုဖို့ UNHCR တိုက်တွန်း

အစိုးရ မဟုတ်တဲ့ NGO အဖွဲ့အစည်းတွေ အနေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ထွက်ပြေးလာကြသူ ရိုဟင်ဂျာ ဒုက္ခသည်တွေအပေါ် ဆက်လက် အကူအညီ ပေးခွင့်ပြုဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က မနေ့က တိုက်တွန်းလိုက်ပါတယ်။

UNHCR ပြောခွင့်ရသူက သတင်းထောက်တွေကို ပြောဆိုရာမှာ - မြန်မာ ဘင်္ဂလားဒေ့ရှ်နယ်စပ် ကောက်စ်ဘဇားမြို့အနီး ဖွင့်လှစ်ထားတဲ့ တရားမဝင် ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ ဆောင်ရွက် လုပ်ကိုင်နေတာတွေကို ရပ်ဆိုင်းဖို့ NGO အဖွဲ့သုံးဖွဲ့ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ကြာသပတေးနေ့က အမိန့်ထုတ်ခဲ့ကြောင်း၊ အဲဒီအမိန့်ကို အကောင်အထည် ဖော်မယ်ဆိုရင် စခန်းတွင်းက ဒုက္ခသည် လေးသောင်းလောက် အတွက် ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်သလို စခန်းအနီးက ဒေသခံတွေ အတွက်လည်း NGO အဖွဲ့တွေဆီက ရရှိနေတဲ့ အခြေခံ ဝန်ဆောင်မှုတွေ ထိခိုက် ဆုံးရှုံးရမှာ ဖြစ်ကြောင်း ပြောဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက လုပ်ငန်း ရပ်ဆိုင်းမိန့် ပေးခဲ့တဲ့ အဖွဲ့သုံးဖွဲ့ကတော့ ပြင်သစ် အခြေစိုက် MSF ခေါ် နယ်စည်းမခြား ဆရာဝန်များအဖွဲ့နဲ့ ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး အဖွဲ့၊ ဗြိတိန် အခြေစိုက် မူဆလင် ကူညီရေး အဖွဲ့တို့ ဖြစ်ပါတယ်။

ကောက်စ် ဘဇားမြို့ထဲမှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည် စခန်းနှစ်ခုမှာတော့ တရားဝင် ဒုက္ခသည် သုံးသောင်းလောက် ရှိတယ်လို့ UNHCR က ပြောပါတယ်။ UNHCR အနေနဲ့ ဒုက္ခသည်တွေအတွက် အရေးပေါ် အကူအညီတွေ ပေးနေရာမှာ ပလပ်စတစ်စတွေ၊ စောင်၊ အိပ်ရာခင်း၊ ခြင်ထောင်နဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေ ဖြန့်ဖြူးပေးနေကြောင်း၊ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ WFP လို တခြား ကုလသမဂ္ဂ အဖွဲ့တွေကလည်း လိုအပ်တဲ့ ရိက္ခာနဲ့ တခြား လူသားချင်း စာနာရေးဆိုင်ရာ အကူအညီတွေ ပံပိုးပေးနေကြကြောင်း ပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org