ဒုက္ခသည်တွေအတွက် ဘင်္ဂလားဒေ့ရှ်ကို အာရှ ဖွံ့ဖြိုးရေးဘဏ် သန်း ၁ဝဝ ကူညီ

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အခြေခံလိုအပ်ချက်နဲ့ လုပ်ငန်းတွေ ဖွံ့ဖြိုးအောင် လုပ်ဆောင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကို အမေမရိကန်ဒေါ်လာ သန်းတရာ ကူညီဖို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က ဒီကနေ့ သဘောတူ အတည်ပြုလိုက်ပါတယ်။

ဒါဟာ ဖွံ့ဖြိုးရေးအကူညီ ပထမ တဝက်ဖြစ်ပြီး၊ ဒီအကူညီကြောင့် အာဟာရချို့တဲ့မှု၊ ကူးစက်ရောဂါနဲ့ သဘာဝဘေးအန္တရာယ်... စတဲ့ ဘေးဒုက္ခတွေ ခံစားရဖို့ရှိနေတဲ့ ဒုက္ခသည်တွေအတွက် အခြေခံလိုအပ်ချက် အဆောက်အဦတွေ၊ လုပ်ငန်းတွေကို ပံ့ပိုးပေးဖို့ ရည်ရွယ်ကြောင်း ADB ဥက္ကဋ္ဌ တာကာဟီကို နာကာအိုက ပြောပါတယ်။

ဒီအကူအညီကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ဘဏ် နှစ်လည်အစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ်အစိုးရက တောင်းဆိုခဲ့တာဖြစ်ပြီး အပိုဆောင်း အကူအညီအဖြစ် ဒေါ်လာ သန်း ၂ဝ အပိုဆောင်းပြီး ၂ နှစ်ခွဲကြာ ခွဲဝေ ပေးအပ်သွားမှာဖြစ်ပါတယ်။