ဇလုံတောင်ကားဝင်းနဲ့ အပန်းဖြေစခန်းကို ဒေသခံတွေ ဆန္ဒပြ

0:00 / 0:00

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့က ဇလုံတောင်မှာ တင်ဒါခေါ်ယူခြင်းမရှိဘဲ တာရိန်းကုမ္ပဏီကို ကားဝင်းနဲ့ အပန်းဖြေစခန်း တည်ဆောက်ခွင့်ပြုခဲ့တဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာတယ်ဆိုပြီး ဒေသခံအင်အား ၁ဝဝဝ ကျော်က ဗန်းမောက်မြို့မှာ ဒီနေ့ ဆန္ဒပြခဲ့ပါတယ်။

အဲဒီလုပ်ငန်းတွေဟာ ဒေသခံတွေ အကျိုးကျေးဇူး မရှိတာကြောင့် လုံးဝသဘောမတူဘူးလို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ဗန်းမောက်မြို့က မစိုးမြတ်သူဇာ က RFA ကို ပြောပါတယ်။

တာရိန်းကုမ္ပဏီဟာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလက အဲဒီဒေသကို ဝင်ရောက်လာတာဖြစ်ပြီး ခမိုး ကားဝင်းနဲ့ အနားယူအပန်းဖြေစခန်းဆိုတဲ့နာမည်နဲ့ ဖွင့်လှစ်ကာ တောင်တက်ကားတစ်စီးကို ကျပ် ၆ဝဝဝ နဲ့ ကားဝင်းအတွင်းဝင်ရောက်လာတဲ့ ကားတစ်စီးကို ငွေကျပ် ၁၅ဝဝ နဲ့ ငွေကျပ် ၃ဝဝဝ ကြား ကောက်ခံတယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက အခုလို လုပ်ငန်းပြုလုပ်ခွင့်အတွက် တင်ဒါခေါ်ယူခဲ့ခြင်း မရှိတာ မှန်ကန်ကြောင်းနဲ့ အစိုးရအဖွဲ့က တိုက်ရိုက်ချထားပေးတာဖြစ်ကြောင်း RFA ကို ပြောပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းလာမှာကို စိုးရိမ်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီမှာ ကားဝင်းတည်ဆောက်ထားတဲ့ ကုမ္ပဏီဟာ ကျောက်စိမ်းနဲ့ ရွှေတူးဖော်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး အခုအခြေအနေနဲ့ ပတ်သက်လို့ RFA က ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဇလုံတောင်ဟာ အခုနှစ်ပိုင်းတွေအတွင်းမှာ ဖွံ့ဖြိုးတိုးတက်လာပြီး လာရောက်လည်ပတ်ဘုရားဖူးသူ အများအပြားရှိလာတဲ့ နေရာတစ်ခုဖြစ်လာပါတယ်။ ဒီကနေ့ ဆန္ဒပြပွဲမှာ ကုမ္ပဏီကို အလိုမရှိကြောင်း၊ ခရိုနီနဲ့ အပေါင်းပါ ဝန်ကြီးတွေကို အလိုမရှိကြောင်း စတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။