ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နမ့်မှော်ရွာနဲ့ တာမခန်ရွာလမ်းပေါ် ကသိုဏ်းတောင်မှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ဩဂုတ်လ ၇ ရက်နေ့ မနက်ပိုင်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန် ခဲ့တယ်လို့ ဒေသခံတွေနဲ့ KIA သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခဲ့တာကြောင့် နမ့်မှော်ရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မနက် ၅ နာရီဝန်းကျင်မှာ KIA ဘက်က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၈ နာရီကျော်မှာ သိမ်းယူနိုင်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"ကသိုဏ်းတောင်က ဖားကန့်-တာမခံလမ်းပေါ်က ဗျူဟာကျတဲ့နေရာဟုတ်တယ်။ မနက် ၅ နာရီလောက်က စတိုက်တာ ၈ ကျော်လောက်က သိမ်းနိုင်ပြီလို့ သတင်းရတယ်။ ဖားကန့်မှာရှိတဲ့တပ်တွေကလည်း လက်နက်ကြီး အလုံးတစ်ရာလောက် ပစ်တယ်။ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာလည်း များတယ်လို့ပြောတယ်။ အတိအကျ တော့ မသိရသေးဘူ။ လက်နက်ကြီးသံတွေတော့ အခုလည်း ဆက်တိုက် ကြားနေရ တယ်"
အဲဒီစစ်ကောင်စီတပ်စခန်းမှာ စစ်ကောင်စီတပ်သား အင်အားသုံးဆယ်ကျော်လောက် ရှိတယ်လို့ ဆိုပါတယ်။
တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှု အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ဖားကန့်က စစ်ကောင်စီတပ်စခန်းတစ်ခု သိမ်းတယ်ဆိုတာ ကြားသိရပေမယ့် အသေးစိတ်အခြေအနေ ကိုတော့ မသိရသေးဘူးလို့ RFA ကိုပြောပါတယ်။
"ဖားကန့်က ကသိုဏ်းတောင်စခန်းသိမ်းတယ်ဆိုတာတော့ ကြားတယ်။ အသေးစိတ် အချက်အလက်တွေက မသိရသေးဘူး"
စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ တိုက်ပွဲဖြစ်နေတာကြားရပေမယ့် လုံခြုံရေးနဲ့ဆိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် သူ့အနေနဲ့ အသေးစိတ်မသိနိုင်ဘူးလို့ RFA ကိုပြောပါတယ်။
"တိုက်ပွဲဖြစ်နေတယ်လို့တော့ ကြားတယ်။ အသေးစိတ်တော့မသိဘူး။ တိုက်ပွဲတွေ ဖြစ်လို့ ပြည်သူတွေ ပျက်စီးတာတွေရှိရင်တော့ ကျွန်တော်တို့က ကူရမှာပေါ့"
ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ရွာအနီးမှာလည်း စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ တိုက်ပွဲ ဖြစ်နေတာ တစ်လကျော် ရှိလာပြီဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ပါ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။