ကျောက်ထုက လေးရက်ကြာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၂ ဦး သေဆုံး

မကွေးတိုင်း၊ ကျောက်ထုမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကျောက်ထုဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ရဲ့ လေးရက်ကြာ ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီ ဘက်က ၂၂ ဦး သေဆုံးခဲ့တယ်လို့ ကျောက်ထု PDF အဖွဲ့က ပြောပါတယ်။

ဇန်နဝါရီ ၂၂ ရက်ကနေ ၂၅ ရက် မနေ့ကအထိ လေးရက်ကြာတိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ ဇန်နဝါရီ ၂၂ ရက်က ကြီးကျေးရွာနဲ့ ရွှေအောင်သာရွာကြားမှာ စခန်းချထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ကျောက်ထု PDF က တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ဇန်နဝါရီ ၂၃ ရက် မနက်ပိုင်းမှာလည်း ရွှေအောင်သာရွာဘက်ကိုသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ခုနစ်ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ကြီးကျေးရွာကနေ ကျောက်ထုမြို့ဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဇန်နဝါရီ ၂၄ ရက် မနက်ပိုင်းက ကျောက်ထု PDF က လမ်းရဲ့နေရာလေးနေရာမှာ မိုင်ဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဘက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးပြီး ကျောက်ထု PDF ဘက်ကလည်း သုံးဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

မိအယ်ရွာကနေ ကျောက်ထုဘက်ကိုလာတဲ့ စစ်ကောင်တပ်ဖွဲ့ဝင်တွေနဲ့ ကျောက်ထု PDF တို့ ဇန်နဝါရီ ၂၅ ရက် မနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်မှာလည်း စစ်ကောင်စီဘက်က ငါးဦး သေဆုံးတယ်လို့ ပြောပါတယ်။

အခုလို လေးရက်ကြာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့ပြီး ကျောက်ထုအမြောက်တပ်ထဲကို ပြန်ဆုတ်သွားတယ်လို့ ပြောပါတယ်။

အဲဒီဒေသတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်း အတည်ပြုဖို့ ကြိုးစားနေပါတယ်။