မန္တလေးမြို့အနီး တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်
2024.09.21
မန္တလေးမြို့နဲ့ ဆယ်မိုင်ခန့်ဝေးတဲ့ မတ္တရာမြို့နယ်၊ အနောက်ခြမ်း ဧရာ၀တီမြစ်ဘေးက သုံးဆယ်ပေးရွာမှာ စက်တင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီနေ့မနက် ၆ နာရီခန့်မှာ စစ်ကောင်စီတပ်က သုံးဆယ်ပေးရွာကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ခဲ့ပြီး လက်ရှိမှာ စစ်ကောင်စီတပ်က ရွာကို မီးရှို့နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"မနက်က ၆ နာရီလောက်က စဖြစ်တာ။ စစ်တပ်က စစ်ကြောင်းထိုးလာတာ။ အဲဒီတော့ အပြန်အလှန် ပစ်ခတ်မှု ခဏ ဖြစ်တယ်။ အင်အားမမျှလို့ ပကဖ တွေက ပြန်ဆုတ်လာရတယ်။ လက်နက်ကြီး အလုံးရေကတော့ ပစ်တာများတယ်။ လေကြောင်းကနေ တစ်ကြိမ် လာကြဲတယ်။ အခုရွာကို မီးရှို့နေတယ်။ အသေအပျောက်ကတော့ ခုထိ မသိရသေးဘူး"
တိုက်ပွဲဖြစ်နေတဲ့ သုံးဆယ်ပေးရွာအနီးက ညောင်ကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ သူက ပြောပါတယ်။ လက်ရှိမှာ သုံးဆယ်ပေးရွာနဲ့ အနီးပတ်ဝန်းကျင်က ဒေသခံတွေ လေကြောင်းရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ရွာက မန္တလေးမြို့နဲ့ နီးကပ်တာကြောင့် လက်နက်ကြီးသံတွေ မန္တလေးမြို့ပေါ်ကနေ ကြားနေရတယ်လို့ မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
"မနက် ၆ နာရီလောက်ကနေ ၈ နာရီလောက်အထိကို အသံတွေက မပြတ်ဘူး။ တအုန်းအုန်းနဲ့ ကြားရတယ်။ အချက်ရေက အနည်းဆုံး နှစ်ဆယ်ကျော်မယ်။ မန္တလေး မြောက်ဘက်ကနေလည်း ကြားတယ်။ မြို့ထဲကနေလည်း ကြားရတယ်။ အရင်က ဒါမျိုး မကြားဖူးတော့ အထူးအဆန်းဖြစ်တယ်"
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
မန္တလေးတိုင်းထဲက မိုးကုတ်၊ စဥ့်ကူး၊ တကောင်း၊ သပိတ်ကျင်း စတဲ့ မြို့တွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်မှာတော့ စစ်ကောင်စီတပ်က ခံစစ် အခိုင်အမာ ပြင်ဆင်ထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။