သမ္မတရုံး ညွှန်ကြားရေးမှူးက ဘီဘီစီကို သတင်းမီဒီယာကောင်စီမှာ တိုင်ကြား
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့က သမ္မတအိမ်တော်မှာလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကို ဘီဘီစီမြန်မာပိုင်းက လူမှုကွန်ရက်စာမျက်နှာမှာ Live လွှင့်ခဲ့ရာမှာ စတစ်ကာတွေပါခဲ့တာနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းမီဒီယာကောင်စီကို တိုင်ကြားထားတာကြောင့် လာမယ့် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ဖြေရှင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကောင်စီက ပြောပါတယ်။
-
2019-01-10 -
-
-
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့က သမ္မတအိမ်တော်မှာလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကို ဘီဘီစီမြန်မာပိုင်းက လူမှုကွန်ရက်စာမျက်နှာမှာ Live လွှင့်ခဲ့ရာမှာ စတစ်ကာတွေပါခဲ့တာနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းမီဒီယာကောင်စီကို တိုင်ကြားထားတာကြောင့် လာမယ့် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ဖြေရှင်းဆောင်ရွက်သွား မှာ ဖြစ်တယ်လို့ ကောင်စီက ပြောပါတယ်။
ဘီဘီစီလိုမျိုး သတင်းဌာနအနေနဲ့ ရည်ရွယ်ပြီးပဲဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ဒါမျိုးက မဖြစ်သင့်ကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်လို့ တရားဝင်တောင်းပန်စာဖော်ပြနိုင်ရန် အကြောင်းကြားပေးဖို့ဆိုပြီး တိုင်ကြားစာပေးပို့လာတာလို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးမြင့်ကျော် က RFA ကို ပြောပါတယ်။
သမ္မတရုံးရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်ကနေ ကောင်စီကို တိုင်ကြားလာတာဖြစ်ပြီး ကောင်စီက မနေ့က လက်ခံရရှိတယ်လို့လည်း ပြောပါတယ်။
ဘီဘီစီ မြန်မာပိုင်းဘက်က နေပြည်တော် နိုင်ငံတော်သမ္မတရုံးမှာ ပြုလုပ်ခဲ့တဲ့ သမ္မတရုံး ပြောခွင့်ရ ညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေးရဲ့ သတင်းစာရှင်းလင်းပွဲကို ဘီဘီစီက ဖေ့စ်ဘွတ်လိုက် တိုက်ရိုက်ထုတ်လွှင့်နေစဉ်မှာ မမျှော်လင့်ဘဲ video effects တွေ ပါဝင်သွားခဲ့ကြောင်း၊ သိသိချင်း တိုက်ရိုက်ထုတ်လွှင့်နေမှုကို ရပ်ဆိုင်းပြီး အသစ်ပြန်လည် ထုတ်လွှင့်ခဲ့ကြောင်း၊ Filter effects တွေပါဝင်သွားတဲ့ ဗီဒီယိုကိုလည်း ချက်ခြင်း ဖြုတ်ချခဲ့ကြောင်း၊ မရည်ရွယ်ဘဲ ဖြစ်သွားရတဲ့ ဖြစ်ရပ်အတွက် ဘီဘီစီမှ အထူးစိတ်မကောင်းဖြစ်ကြောင်း ဇန်နဝါရီလ ၇ ရက်နေ့ ညပိုင်းမှာပဲ ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။