ပဲစားပွဲတော် ကြေညာချက်အပေါ် ပြန်လည်တောင်းပန်ဖို့ စာပို့


2017.12.30
bean-622.JPG မြန်မာနိုင်ငံမှာ စိုက်ပျိုးတဲ့ မတ်ပဲ ကို တွေ့ရစဉ်
Photo: RFA

ပဲစားသုံးမှုမြှင့်တင်ပွဲနဲ့ ပဲစားပွဲတော်တွေပြုလုပ်နေတာကို ကန့်ကွက်ကြောင်း မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး အသင်းရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်ခင် ပြန်လည်တောင်းပန်ဖို့နဲ့ တောင်းပန်ဖို့ ပျက်ကွက်ရင် ဥပဒေအရ ဆောင်ရွက်သွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စားသုံးသူ ကာကွယ်ရေးအသင်းထံ စာပေးပို့လိုက်ပါတယ်။

ကြေညာချက်မှာ ဝန်ကြီးဌာနကို အထင်အမြင်လွဲစေတဲ့ အကြည်ညိုပျက်စေတဲ့ အသုံးအနှုန်းတွေပါနေ လို့ ပြန်တောင်းပန်ဖို့ ပြောထားတာဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေး ရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူး က ပြောပါတယ်။

"ကန့်ကွက်တဲ့စာတဲ့မှာ ဌာနကိုအထင်မြင်လွဲစေတဲ့ အကြည်ညိုပျက်စေမယ့် အသုံးအနှုန်းတွေပါလို့ ဆရာတို့က သူ့ကို ဒါနဲ့ပတ်သက်လို့ ပြန်ပြီးတော့ တောင်းပန်ဖို့ ပြောလိုက်တာပါ၊ မတောင်းပန်ရင် ဥပဒေအရ ဆက်လက်ပြီးတော့ ဆောင်ရွက်မယ်ဆိုတာမျိုး ပြောလိုက်တာပါ၊ နေ့စွဲကတော့ လာမယ့် တနင်္ဂနွေနေ့ပေါ့နော်"

စားသုံးသူရေးရာဦးစီးဌာနကို အကြည်ညိုပျက်စေဖို့ မရည်ရွယ်ကြောင်း မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး အသင်းက ဒီနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ရှင်းလင်းခဲ့ပါတယ်။  သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီးဖြစ် တဲ့အတွက် တောင်းပန်စာ မပို့တော့ဘူးလို့ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဌ ဦးဘအုပ်ခိုင် က ပြောပါတယ်။

"ဆရာတို့ရဲ့ ရည်ရွယ်ချက်ကလည်း သန်း ၅၀ သော ပြည်သူတွေ ပိုးသတ်ဆေး ဓါတ်ကြွင်းအန္တရာယ်ဖြစ် မှာစိုးလို့ ကန့်ကွက်ခဲ့ခြင်းဖြစ်တယ်၊ စားသုံးသူရေးရာဦးစီဌာနက ပြောသလို သူတို့နဲ့ ပြည်သူလူထုတွေ စားသုံးသူတွေ ကြားထဲမှာ သူတို့ကို အထင်အမြင်လွဲမှားအောင်၊ အကြည်ညိုပျက်စေအောင် ရည်ရွယ် ချက်နဲ့ လုပ်ခဲ့တာမဟုတ်ပါဘူးဆိုတာကို ဆရာတို့က ဒီနေ့ ဖြေရှင်းတာပါ၊ ဒါကိုမှမကျေနပ်လို့ တရားစွဲ မယ်ဆိုရင်လည်း ဆရာတို့ဘက်က မေတ္တာနဲ့ပဲ ဖြေရှင်းသွားမှာပါ၊ သီးသန့်တော့ တောင်းပန်တဲ့စာ မပေးပို့တော့ပါဘူး"

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။ အဲဒီကြေညာချက်မှာ မြန်မာနိုင်ငံက စိုက်ပျိုးထုတ်လုပ်နေတဲ့ ပဲတွေမှာ ပိုးသတ်ဆေးဓါတ်ကြွင်းတွေ များနေတာကြောင့် ပြည်ပက ဝယ်ယူမှုတွေရပ်ဆိုင်းသွားကြောင်း ရေးသားထားပါတယ်။

ဒါ့အပြင် ပဲစိုက်တောင်သူတွေ အရည်အသွေးမီတဲ့ပဲတွေ ထုတ်လုပ်နိုင်ဖို့ ပိုးသတ်ဆေးသုံးတာကိုရှောင်ပြီး သဘာဝနည်းတွေအတိုင်း စိုက်ပျိုးဖို့ကို ပညာပေးတာမျိုး၊ ပိုးမတက်စေဖို့ သဘာဝနည်းတွေသုံးပြီး သိုလှောင် တာမျိုးတွေကို ပညာပေးရမယ့်အစား ရောင်းမကုန်တဲ့ ပိုးသတ်ဆေး ဓါတ်ကြွင်းတွေများနေတဲ့ ပဲတွေ ကို ပြည်တွင်းစားသုံးသူတွေကို ရောင်းချဖို့ရည်ရွယ်ပြီး ပဲစားသုံးမှုမြှင့်တင်ပွဲ၊ ပဲစားပွဲတော်တွေ ပြုလုပ်နေတာ ကို တွေ့ရှိရတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

ပိုးသတ်ဆေး ဓါတ်ကြွင်းတွေများနေတဲ့ ပဲတွေနဲ့ သီးနှံတွေကို စားသုံးမိရင် အာရုံကြောထိခိုက်တာ၊ ကိုယ် တစ်ခြမ်းသေတာ၊ လေဖြတ်တာ၊ ကိုယ်ဝန်ပျက်ကျတာ၊ ကလေးအသေမွေးတာနဲ့ ကင်ဆာရောဂါ အမျိုးမျိုးပါ ဖြစ်ပွားစေနိုင်တယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

အဲဒါကြောင့် စားသုံးသူရေးရာဦးစီးဌာနက တာဝန်ရှိသူတွေအနေနဲ့ စားသုံးသူတွေကို ကာကွယ်ရမယ့်အစား ပဲစိုက်တောင်သူတွေနဲ့ ကုန်သည်တွေရဲ့ မျက်နှာတစ်ခုတည်းကိုကြည့်ပြီး ပဲစားပွဲတော်တွေ ဦးဆောင်ကျင်းပနေ တာကို ရပ်ဆိုင်းဖို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။