နယ်ခြားစောင့်တပ်သား အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၁) တံတားမှာ ဇူလိုင်လ ၁ ရက် ဒီနေ့ မနက်က လုံခြုံရေး တာဝန်ယူထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က တပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်လို့ နှစ်ဦး သေဆုံးပြီး တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ BGF အဖွဲ့က ဗိုလ်မှူး စောတင်ဝင်း က RFA ကို ပြောပါတယ်။

ဒီနေ့ မနက် ၁ နာရီဝန်းကျင်မှာ BGF တပ်သားတွေဟာ အရက်မူးလွန်ပြီး အချင်းချင်း စကားများ ရန်ဖြစ်ရာ ကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဗိုလ်မှူး စောတင်ဝင်း က ပြောပါတယ်။

"သူတို့သောက်စားတာ များသွားပြီး စကားတွေ ထများတာ။ အဲဒီမှာ တစ်ယောက်နဲ့ တစ်ယောက် ပစ်ကြတာ။ ပစ်တဲ့သူကလည်း ပစ်ပြီးတော့ သူ့ကိုယ်သူ ပြန်ပစ်လိုက်တာ။ အဲဒီမှာ နှစ်ယောက်စလုံး သေသွားတာ။ နောက်တစ်ယောက်ကတော့ ဒဏ်ရာနဲ့ ဆေးရုံမှာ"

မြဝတီမြို့ အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား (၁) မှာ BGF တပ်နယ် (၄) ရင်း (၁၀၁၉) က တပ်ကြပ်ကြီး အဲဝါ အပါအဝင် ၁၀ ဦးက လုံခြုံရေး တာဝန်ယူထားတာ ဖြစ်ပါတယ်။

ဒီနေ့မနက် ပစ်ခတ်မှုမှာ တပ်ကြပ်ကြီး အဲဝါ က တပ်သား စောမောင်အေး ကို ကာဘိုင်သေနတ်နဲ့ စတင် ပစ်ခတ်ခဲ့ပြီးနောက် တပ်သား အောက်ကို ကိုလည်း ထပ်မံပစ်ခတ်ခဲ့တာဖြစ်တယ်လို့ BGF တပ်ဖွဲ့က ပြောပါတယ်။

အဲဒီနောက်မှာတော့ တပ်ကြပ်ကြီး အဲဝါ က သူ့ရဲ့ ပါးစပ်အတွင်း သေနတ်ပြောင်းထိုးထည့်ပြီး ကိုယ့်ကိုယ်ကို သတ်သေခဲ့တာဖြစ်တယ်လို့ ဗိုလ်မှူး စောတင်ဝင်း က ပြောပါတယ်။

တပ်ကြပ်ကြီး အဲဝါ ပစ်ခတ်ခဲ့တဲ့ တပ်သား အောက်ကို ကတော့ ပခုံးနောက်ဘက်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အခုတော့ သင်္ခန်းညီနောင် ဆေးရုံမှာ ဆေးကုသမှုခံယူနေရပေမယ့် စိုးရိမ်ရတယ်လို့ သူက ပြောပါတယ်။

ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ BGF ဟာ ၂၀၀၈ ခုနှစ်မှာ တိုးတက်သော ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် (DKBA) ကနေ ခွဲထွက်လာပြီး စစ်တပ်ရဲ့လက်အောက်မှာ နယ်ခြားစောင့်တပ်အဖြစ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။