ရန်ကုန်မြို့က အကြီးမားဆုံး ဆန္ဒပြပွဲ

ကိုဂျေ(ဝါရှင်တန်ဒီစီ)
2021.02.17

ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်မှာ ဖေဖော်ဝါရီ ၁၇ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲဟာ အာဏာသိမ်းကောင်စီရဲ့ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ အပြီး နောက်တနေ့မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေထဲမှာ လူအင်အားအများဆုံး ဆန္ဒပြပွဲလည်း ဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ထူးခြားတာကတော့….ဆန္ဒပြပွဲ လူအင်အားအတောင့်တင်းဆုံးအချိန်မှာ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ အသံဖိုင် မိန့်ခွန်းကို ဖွင့်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီပွဲဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့တဲ့ မျိုးဆက်သုံးဆက်ပေါင်းထားတဲ့ ဆန္ဒပြပွဲဖြစ်ပြီး၊ ခေါင်းတွဲကို ဖြုတ်လိုက်တာနဲ့ အလုပ်မလုပ်တော့တဲ့ ခေတ်မဟုတ်ကြောင်း.. အောင်မြင်မှုရဖို့ဆိုတာ လူတိုင်းမှာ တာဝန်ကိုယ်စီရှိတယ်လို့ ကိုမင်းကိုနိုင်က ပြောခဲ့ပါတယ်။

၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်းကလည်း ရန်ကုန်မြို့လယ်က မြို့တော်ခန်းမရှေ့မှာ ၁၉၈၈ ခုနှစ်က သွေး‌မြေကျခဲ့တဲ့နေရာ ဖြစ်ပေမယ့် ဒီနေ့ဒီအချိန်မှာ မျိုးဆက်သစ်တွေရဲ့ သွေးမြေ အကျမခံနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ပြည်သူထုထုရဲ့ CDM လှုပ်ရှားမှု အောင်မြင်ဖို့ အတွက် ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ ရုံးမတက်ဘဲ ရုန်းထွက်ပေးပါလို့လည်း မနီလာသိန်းက တောင်းဆိုခဲ့ပါတယ်။

အခု ဖြစ်နေတဲ့ ဆန္ဒပြပွဲဟာ ဓမ္မနဲ့ အဓမ္မရဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်တယ်လို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ပန်းပဲတန်းမြို့နယ် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ကိုစည်သူမောင်က ဟောပြောခဲ့ပါတယ်။

မနေ့က ဆန္ဒပြပွဲဟာ လူတန်းစားပေါင်းစုံပါဝင်တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲလို့ ပြောနိုင်ပါတယ်။ ဆန္ဒပြသူတွေဟာ ရန်ကုန်မြို့က အထင်ကရ လှည်းတန်း၊ မြေနီကုန်း ပတ်ဝန်းကျင်နဲ့ နိုင်ငံတကာ သံရုံးတွေရှေ့မှာလည်း စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲမှာ လေးကြောင်းလိုင်းဝန်ထမ်းတွေလည်း ပါဝင်လာပါတယ်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ အငှားယာလိုင်းမောင်းသူတွေလည်းပါဝင်လာသလို Generation Z လူငယ်တွေက ရန်ကုန် မန္တလေး နေပြည်တော်လို့ လမ်းမကြီးတွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး စာတမ်းရေးထိုးတဲ့ လှုပ်ရှားမှုတွေ ပါဝင်လာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။