မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်ကစပြီး မိုးသည်းထန်စွာရွာသွန်းလို့ ဘီးလင်းမြစ်ရေ မြင့်တက်ခဲ့တဲ့အတွက် ဘီးလင်းမြို့ပေါ် ရပ်ကွက်ငါးခုအပြင် ဘေးဝန်းကျင်က ရွာ ၂၅ ရွာနီးပါး ရေကြီးရေလျှံတဲ့ ဒဏ်ခံနေရတယ်လို့ ဘီးလင်းဒေသခံတွေနဲ့ ကူညီပေးနေသူတွေက RFA ကို ဒီနေ့ညနေက ပြောပါတယ်။
ဇူလိုင်လ ၃၀ ရက်ကစပြီး မိုးသည်းထန်ခဲ့ပြီးနောက် ဩဂုတ်လ ၂ ရက်မနေ့က ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ် အထက်ကို ကျော်လွန်ရောက်ရှိခဲ့တာပါ။ ဘီးလင်းမြို့ပေါ်က ဖိုးလှကြီး၊ ဖိုးရာဇာ၊ ကန်သာယာ၊ ဆရာစံ၊ ဗိုလ်တေဇ စတဲ့ ရပ်ကွက် ငါးခုက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်းဆယ်ခု ဖွင့်ထားရတယ် လို့ ဘီးလင်းဒေသခံတွေက ပြောပါတယ်။
ဒီစခန်း ဆယ်ခုမှာ လူဦးရေ ငါးရာကျော် ခိုလှုံနေရပြီး ဘီးလင်းမြို့အနီးတစ်ဝိုက်က နှင်းပုလဲ၊ ရွှေလှေ၊ ညောင်ပလင်၊ လိပ်ခုန်း၊ တဘက်ဆွဲ၊ အနိုင်းပွန်၊ မုသင်၊ ဇွဲကလာဇုတ်သုတ်၊ ကော့ကဒွတ်၊ ယွန်းဒလင်းကုန်း၊ တောင်စွန်း၊ ပေါက်တော၊ ကင်းရွာ၊ တောင်ကြီး၊ ဝင်းက စတဲ့ ရွာ ၂၅ ရွာနီးပါးလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ဩဂုတ်လ ၃ ရက် ဒီနေ့မှာ ရေ ပေတစ်ဝက်လောက် ပြန်ကျနေပြီဖြစ်တဲ့အတွက် စစ်ကောင်စီဘက်နေ ကယ်ဆယ် ရေးစခန်းတွေ ဩဂုတ်လ ၄ ရက်မှာ ပြန်ဖျက်ခိုင်းနေပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘီးလင်းမြို့ခံ တစ်ဦးက ပြောပါတယ်။
“ဒီနေ့တော့ ရေနည်းနည်းပြန်ကျသွားပြီ။ မနက်ဖြန်ကယ်ဆယ်ရေးစခန်းတွေ ပြန်ဖျက်ခိုင်းနေပြီ။ မနက်ဖြန် စဖျက်မယ်လို့ ပြောနေကြတယ်။ ကယ်ဆယ်ရေး စခန်းတွေ ပိတ်သိမ်းဖို့ပေါ့။ စခန်းမှန်ရင် အကုန်ဖျက်ခိုင်းတာတဲ့။ ဆိုလိုတာကတော့ ထောက်ပံ့ကြေး၊ ဘာကြေးမရှိလို့ဖြစ်မှာပေါ့ ကြည့်ရတာ။ မပြောတတ်ပါဘူးဗျာ။ အနိမ့်ပိုင်း တွေကတော့ ရေတွေဝင်သွားလို့ ပစ္စည်းတွေအကုန်ပျက်စီးကုန်တာပေါ့။ အခုတောင် ကယ်ဆယ်ရေးနဲ့ ရှိသူတဲ့တွေ လာကျွေးတာစားနေရတာ။ ထိခိုက်မှု မရှိပေမယ့် အကုန်ဒုက္ခရောက်တာပဲ”
ဩဂုတ်လ ၁ ရက်နေ့မှာတော့ တောင်စွန်းတိုက်နယ်၊ ကေသဝတီရပ်ကွက်ထဲမှာ အသက် ခုနစ်နှစ်အရွယ် ကလေး ငယ်တစ်ဦး မြစ်ရေတက်နေချိန် ရေဆင်းကူးတဲ့အတွက် သေဆုံးခဲ့တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
လက်ရှိ မြစ်ရေကြီးမှုအခြေအနေက အရင်ဖြစ်ခဲ့တဲ့ ၂၀၁၇၊ ၂၀၁၈ ခုနှစ်ကထက် ထိခိုက်သေဆုံးမှုနည်းပေမယ့် စိုက်ပျိုးစ လယ်အားလုံးနီးပါးကတော့ ပျက်စီးသွားတဲ့ အခြေအနေရှိတယ်လို့ ဘီးလင်းရေဘေး ကူညီပေးနေသူ တစ်ဦးက RFA ကို ပြောပါတယ်။
“ဘီးလင်းမြစ်တစ်လျှောက်ရွာတွေ၊ အနိမ့်ပိုင်းတွေ အကုန်မြုပ်တာပဲ။ လယ်တွ၊ အိမ်တွေ အကုန်မြုပ်တာပေါ့။ လယ်ကများတော့ ဘယ်လောက်ရှိနိုင်လဲတောင်မသိဘူး။ ရေ တစ်ရက်၊ နှစ်ရက်နဲ့ကျရင်တော့ အဆင်ပြေတာပေါ့။ အခုတော့ မြို့ပေါ် ရေဘေးသင့် သူတွေကို တတ်နိုင်သူ လှူတာနဲ့ပဲ ကျွေးနေကြတာပေါ့။ ထိခိုက်သေဆုံးကတော့ ရေဆင်းကူးတဲ့ကလေးတစ်ဦးပဲ ကြားသေးတယ်”
ရေဘေးကယ်ဆယ်ရေးစခန်း ဖျက်သိမ်းတော့မယ့်အကြောင်းနဲ့ ဘီးလင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို ကူညီပေးနေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာအောင်မြတ်ကျော်စိန်ကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဩဂုတ်လ ၃ ရက်၊ ဒီနေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ထားချက်အရတော့ ဘီးလင်းမြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ရောက်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။