မြန်မာနိုင်ငံ အပြောင်းအလဲ သမ္မတဟောင်း ကလင်တန် ချီးကျူး
မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ စတင်လိုက်ကတည်းက တစ်ကမ္ဘာလုံးက ချီးကျူးဝမ်းမြောက်ကြရသလို ပေါ်ပေါက်လာတဲ့ အကြမ်းဖက်ပဋိပက္ခတွေနဲ့ ပတ်သက်လို့ စိတ်မချမ်းမြေ့ဖြစ်ကြရကြောင်း အမေရိကန် သမ္မတဟောင်း Bill Clinton က ဒီနေ့ ပြောလိုက်ပါတယ်။
-
2013-11-14 -
-
-
Your browser doesn’t support HTML5 audio
မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ စတင်လိုက်ကတည်းက တစ်ကမ္ဘာလုံးက ချီးကျူးဝမ်းမြောက်ကြရသလို ပေါ်ပေါက်လာတဲ့ အကြမ်းဖက်ပဋိပက္ခတွေနဲ့ ပတ်သက်လို့ စိတ်မချမ်းမြေ့ဖြစ်ကြရကြောင်း အမေရိကန် သမ္မတဟောင်း Bill Clinton က ဒီနေ့ ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံကို အလည်ပတ်ရောက်ရှိနေတဲ့ သမ္မတဟောင်းကလင်တန်ဟာ ဒီနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ နိုင်ငံရေးပါတီတွေ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၂၀၀ ဝန်းကျင်လောက်ကိုတွေ့ဆုံပြီး ‘ဒီမိုကရေစီ၊ အသွင်ကူးပြောင်းရေးနဲ့ မတူကွဲပြားတဲ့ လူမျိုးစုများ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောရာမှာ သူ့ရဲ့ သမ္မတသက်တမ်း နှစ်ဆက်အတွင်း ကမ္ဘာတဝှမ်းမှာ ကြုံတွေ့ခဲ့ရတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေ၊ အကြမ်းဖက်ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။
"မြန်မာနိုင်ငံက အပြောင်းအလဲတွေကိုကြားရတိုင်း တစ်ကမ္ဘာလုံးက ချီးကျူးဂုဏ်ယူကြပါတယ်။ ဒါပေမဲ့ မတူညီတဲ့ လူ့အဖွဲ့အစည်းတွေကြားမှာ အကြမ်းဖက်ပဋိပက္ခတွေဖြစ်တယ်လို့ သိရတဲ့အတွက် အင်မတန် စိတ်မချမ်းမမြေ့ ဖြစ်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာတဝှမ်းမှာ လူအချင်းချင်း သတ်ဖြတ်မှုတွေဟာ မမြင်ချင်၊ မကြားချင်လောက်အောင် ကြုံတွေ့နေကြရ တာကြောင့် ဖြစ်ပါတယ်” လို့ သမ္မတဟောင်း ကလင်တန်က ပြောပါတယ်။
ဒါ့အပြင် သူက မတူညီမှုတွေဟာ လူ့အဖွဲ့အစည်းအတွက် အားသာချက်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို အဲဒီမတူညီတဲ့ လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ တိုင်းရင်းသားတွေအားလုံး ဆွေးနွေး ညှိနှိုင်းအဖြေရှာမှုနဲ့သာ ဖြေရှင်းရမှာဖြစ်ကြောင်၊ သယံဇာတပေါကြွယ်ဝပြီး ဆင်းရဲတွင်းနက်ခဲ့ဖူးတဲ့ အာဖရိကတိုက်က ဘော့ဆွာနာနဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေကို ဥပမာပေးပြီး ရှင်းပြခဲ့ပါတယ်။
၄၂ ယောက်မြောက် အမေရိကန်သမ္မတအဖြစ ်တာဝန်ထမ်းဆောင်ခဲ့သူ မစ္စတာကလင်တန်ဟာ Clinton Global Foundation အဖွဲ့ကို တည်ထောင်ထားပြီး၊ အဲဒီဖောင်ဒေးရှင်းကနေ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးနဲ့ စိုက်ပျိုးရေးကဏ္ဍတွေ ဖွံ့ဖြိုးရေးအတွက် အကူအညီပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။
အမေရိကန် သမ္မတဟောင်း Bill Clinton ရဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက် သတင်းရယူခဲ့တဲ့ RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။