ငဝန်မြစ်အတွင်း မော်တော်တိုက် မှု သေဆုံးသူ ၁၀ ဦးကို ထပ်မံ ရှာဖွေတွေ့ရှိ
2017.04.09

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အနီးက ငဝန်မြစ်ထဲမှာ ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့ညက မော်တော်တစ်စီး နဲ့ ကျောက်တင်စက်လှေတို့ တိုက်မိမှုကြောင့် နောက်ထပ်သေဆုံးသူ ၁၀ ဦး ရုပ်အလောင်းကို ရှာဖွေတွေ့ရှိထား ပြီး သေဆုံးသူ စုစုပေါင်း ၃၀ ဦးရှိသွားပြီဖြစ်ပါတယ်။
ရုပ်အလောင်း ၁၀ လောင်းကို ထပ်မံတွေ့ရှိတာကြောင့် စက်လှေပေါ်လိုက်ပါလာသူ စာရင်းအရ ပြည့်သွားပြီဖြစ်ပေ မယ့် ကယ်ဆယ်ရေးအဖွဲ့တွေတော့ ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ဧရာဝတီတိုင်းဦးစီး ၁ ဌာနစိပ်တာဝန်ခံ၊ လုံခြုံရေးနဲ့သတင်းဌာနက ဒုရဲမှူး မြင့်အောင် က ပြောပါတယ်။
"မနေ့ကဆိုရင် 'မ' အလောင်းတစ်လောင်းရတယ်၊ ဒီနေ့ ၉ ရက်နေ့မှာတော့ ကျား ၃၊ မ ၆ ကိုးလောင်းထပ်ရ တယ်ဗျ၊ အားလုံးပေါင်း ၃၀ ဖြစ်သွားပြီခင်ဗျ၊ ရွာကပေးတဲ့စာရင်းအတိုင်းကတော့ အကုန်ပြည့်သွားပြီ၊ ဒါပေမဲ့ ရှိလိုရှိငြား ကျနော်တို့ ထပ်ပြီးတော့ ဒီထဲမှာ ရှာတဲ့အဖွဲ့ ရှိနေသေးတယ်ဗျ။"
နဒီရွှေစင်ကျောက်တင်သင်္ဘောမောင်းသူနဲ့ ငွေကြယ်ပွင့်မော်တော်မောင်းသူတို့ကို ပုသိမ်နယ်မြေ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါ တယ်။ သေဆုံးသွားသူတွေထဲမှာ ငွေကြယ်ပွင့် မော်တော်တက်မ ကိုင်သူတစ်ဦး လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ကျောက်တင်သင်္ဘောနဲ့ မော်တော်တိုက်မှုအတွက် တိုင်းအစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးနေပါတယ်။ အဲဒီအဖွဲ့မှာ အဖွဲ့ခေါင်းဆောင် အဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် တိုင်းဆိပ်ကမ်းအရာရှိ ဦးကိုကိုနိုင်က ဦးဆောင်ပြီး အဖွဲ့ဝင် ၆ ဦးအဖြစ် ပုသိမ်မြို့နယ် ပြည်သူ၊ အမျိုးသားနဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၃ ဦး၊ တိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာန တိုင်းဦးစီးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး နဲ့ ရေကြောင်းရဲတပ်ဖွဲ့စုမှူးတို့ ပါဝင်ပါတယ်။
အဲဒီအဖွဲ့ဟာ စစ်ဆေးတွေ့ရှိချက်တွေကို လာမယ့် ဧပြီလ ၁၃ ရက်နေ့မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပြန်လည် တင်ပြရမှာ ဖြစ်ပါတယ်။ ငွေကြယ်ပွင့်မော်တော်ဟာ ငပုတောမြို့နယ် ရခိုင်ကုန်း ကျေးရွာကနေ ပုသိမ်မြို့မှာ ကျင်းပတဲ့ မင်္ဂလာဧည့်ခံပွဲကို တက်ရောက်ပြီး အပြန်မှာ ကျောက်တင် သင်္ဘောနဲ့ တိုက်မိတာဖြစ်ပါတယ် ။ မော်တော်ပေါ်လိုက်ပါလာသူ ၆၀ ခန့်ရှိမယ်လို့ ခန့်မှန်းထားပြီး အရေအတွက် အတိအကျကို စုံစမ်းနေဆဲဖြစ် တယ်လို့ သိရပါတယ်။
မော်တော်တိုက်မှုကနေ အသက်ရှင်ကျန်ရစ်သူ ၃၁ ဦး ရှိပါတယ်။