စက်လှေနစ်မြုပ်မှု သေဆုံးသူ ၉ ဦးအထိ ရှိလာ

ချင်းတွင်းမြစ်အတွင်း မနေ့က စက်လှေနစ်မြုပ်မှုမှာ သေဆုံးသူ ၉ ဦးအထိ ရှိသွားပြီလို့ သိရပါတယ်။

မုံရွာမြို့ ချင်းတွင်းမြစ်မှာ ၂၀၁၉ ဧပြီ ၁၅ ရက်နေ့က နစ်မြုပ်ခဲ့တဲ့စက်လှေကို တွေ့ရစဉ် Photo - Myanmar Fire Services Department

ချင်းတွင်းမြစ်အတွင်း မနေ့က စက်လှေနစ်မြုပ်မှုမှာ သေဆုံးသူ ၉ ဦးအထိ ရှိသွားပြီလို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ်က ဒေသခံတွေ ချင်းတွင်းမြစ်ကိုဖြတ်ပြီး မနေ့မနက်က မုံရွာဘက်ကိုကူးရာမှာ လှေမှောက်ခဲ့တာဖြစ်ပြီး အဲဒီထဲက အလောင်း ၇ လောင်းကို ဒီနေ့မနက်မှာ ထပ်မံရှာဖွေ တွေ့ရှိခဲ့တာကြောင့် မနေ့က သေဆုံးသူ ၂ ဦးနဲ့ စုစုပေါင်း ၉ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ညွန့်က RFA ကို ပြောပါတယ်။

ဒါ့အပြင် မနေ့က လှေမှောက်တဲ့အထဲမှာ ပါသွားတဲ့ ကလေးငယ် တစ်ဦးကိုလည်း မိသားစုဝင်တွေက ဒီနေ့မနက်ပိုင်းအထိ လာရောက် ရှာဖွေနေပြီး မတွေ့သေးတာကြောင့် မြစ်အတွင်း နစ်မြုပ်နေသူတွေ ထပ်မံရှိနိုင်သေးကြောင်းလည်း ပြောပါတယ်။

သေဆုံးသူ ၉ ဦးထဲက အများစုဟာ အသက် ၂၀ ကျော်အရွယ်တွေဖြစ်ပြီး မုံရွာမြို့မှာ ကျင်းပနေတဲ့ ချင်းတွင်းသြင်္ကန်ကို လည်ပတ်ဖို့ လာရာမှာ လှေမှောက် သေဆုံးခဲ့တာလို့ သိရပါတယ်။

သူတို့စီးလာတဲ့ လှေဟာ လူ ၂၀ ကျော်သာ တင်ဆောင်နိုင်တဲ့ လှေဖြစ်ပြီး လူ ၄၀ ကျော်အထိ လိုက်ပါလာခဲ့တာကြောင့် တိမ်းမှောက်ခဲ့တာဖြစ်ကြောင်း စစ်ကိုင်းတိုင်း မီးသတ်ဦးစီးဌာနက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org