မဲခေါင်မြစ်အတွင်း ပျောက်ဆုံးနေတဲ့ မြန်မာတွေကို ရှာဖွေမှုရပ်ဆိုင်း
2024.09.05
မဲခေါင်မြစ်အတွင်း စက်လှေတိမ်းမှောက်ပြီး ပျောက်ဆုံးသွားတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးဆက်မလုပ်တော့ဘဲ ရှာဖွေမှုရပ်ဆိုင်းသွားပြီလို့ လာအိုရောက် မြန်မာတွေက RFA ကို ပြောပါတယ်။
မြန်မာ-လာအို-ထိုင်း သုံးနိုင်ငံနယ်စပ်ဖြစ်တဲ့ ရွှေတြိဂံ စီးပွားရေးဇုန်အနီးက မဲခေါင်မြစ်ထဲမှာ စက်တင်ဘာ ၂ ရက်နေ့ ညနေပိုင်းက မြန်မာအလုပ်သမား လေးဆယ်နီးပါးလိုက်ပါလာတဲ့ စက်လှေမှောက်ပြီး မြန်မာနိုင်ငံသား ၁၆ ဦး ရေထဲမျောပါ ပျောက်ဆုံးသွားတာပါ။
စက်တင်ဘာ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ရှာဖွေခဲ့ပေမဲ့ ရုပ်အလောင်းတွေ ပြန်မရတာကြောင့် ရှာဖွေရေးတွေ ရပ်ဆိုင်းလိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လာအိုရောက် မြန်မာတစ်ဦးက RFA ကို ပြောပါတယ်။
“ရှာဖွေရေးတွေ ရပ်လိုက်ပြီဗျ။ တကယ်တော့ လှေမှောက်တဲ့နေရာက လာအို ပိုင်နက်ထဲမှာပါ။ အဲဒီတော့ သူ (လာအို) ကပဲ ဦးဆောင်ပြီး ရှာဖွေရေးတွေ လုပ်နေတာ။ မနေ့ကတည်းက ရပ်လိုက်တာ။ ဘာရှာဖွေရေးမှ မရှိတော့ဘူး၊ လူလေးဆယ်မှာ ၁၆ ဦးက ပျောက်နေတယ်။ ၂၄ ဦးကတော့ ပြန်တွေ့တယ်။ တွေ့တဲ့အထဲ သေတာရော၊ အသက်ရှင်တာရော ပါတယ်။ ကျွန်တော်တို့ကလည်း အနားကပ်ပြီး သွားကြည့်မရတော့ အတိအကျတော့ မပြောနိုင်ဘူးဗျ”
စက်လှေတိမ်းမှောက်ပြီးနောက် ပြန်ရှာတွေ့တဲ့အခြေအနေနဲ့ သေဆုံးသူအရေအတွက် အတိအကျကို လာအိုအာဏာပိုင်တွေက ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
အဲဒီစက်လှေဟာ လာအိုနိုင်ငံ၊ ဘော်ကယောက်ခရိုင်၊ တွန့်ဖိတ်မြို့နယ်က ရွှေတြိဂံ စီးပွားရေးဇုန် ဆိပ်ကမ်းကနေ ထွက်ခွာလာပြီး တာချီလိတ်မြို့နယ် နမ့်လုတ်ဆိပ်ကမ်းကို သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ထပ် လာအိုရောက် မြန်မာတစ်ဦးကတော့ ပျောက်ဆုံးနေသူတွေရဲ့ ရုပ်အလောင်းတွေကို ပြန်ရတာမျိုးမရှိသေးဘူးလို့ RFA ကို ပြောပါတယ်။
“ရုပ်အလောင်းတွေ ပြန်မရဘူး။ ရေစီးက အရမ်းသန်နေတော့ သူတို့က အောက်ပိုင်းတွေမှာ ကမ်းသွားကပ်မယ်လို့ ပြောတယ်။ အသက်ရှင်ဖို့ ရာခိုင်နှုန်း နည်းတယ်တဲ့။ အဲဒါကြောင့် လာအိုဘက်က ရှာဖွေရေး ရပ်လိုက်တာဖြစ်မယ်”
သူတို့ဟာ လာအိုအာဏာပိုင်တွေ ထုတ်ပေးထားတဲ့ စမတ်ကတ်နဲ့ ယာယီနေထိုင်ခွင့်ကတ်လို အထောက်အထားအပြည့်အစုံ မရှိတာကြောင့် တာချီလိတ်ကို ပြန်သွားကြသူတွေဖြစ်တယ်လို့ လာအိုရောက် မြန်မာတွေက ပြောပါတယ်။
ပျောက်ဆုံးနေသူထဲမှာ “ဝ”လူမျိုးတချို့ ပါနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်ကို RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးသလို “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ပြောခွင့်ရ ဦးညီရမ်းကို ဆက်သွယ်မေးမြန်းပေမဲ့ အကြောင်းမပြန်ပါဘူး။