ရခိုင်ပြည်နယ်၊ စစ်တွေပင်လယ်ပြင်မှာ မလေးရှားနိုင်ငံကိုသွားမယ့် စက်လှေ သြဂုတ်လ ၇ ရက်နေ့ ညနေကနစ်မြုပ်တာကြောင့် စက်လှေပေါ်လိုက်ပါလာတဲ့အထဲက ရိုဟင်ဂျာ ၄၅ ဦး ပျောက်ဆုံးနေပြီး အမျိုးသမီးနှစ်ဦး အလောင်းကိုသာပြန်တွေ့တယ်လို့ ဒေသခံ ရိုဟင်ဂျာတွေက RFA ကိုပြောပါတယ်။
အဲဒီစက်လှေပေါ်မှာ ရိုဟင်ဂျာစုစုပေါင်း ၅၅ ဦး လိုက်ပါလာခဲ့တာဖြစ်ပြီး အမျိုးသားရှစ်ဦး ကတော့ အသက်ရှင်လျက် လွတ်မြောက်လာခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ ပျောက်ဆုံးနေသူတွေကို လိုက်လံရှာဖွေနေတယ်လို့ ဘာဆာရာရွာ အုပ်ချုပ်ရေးမှူး ကိုစိုးမြင့်က RFA ကို ပြောပါတယ်။
"သူတို့က ပင်လယ်ထဲမှာ လှိုင်းလည်းကြီး၊ မိုးလည်းကြီးတော့ စက်လှေရေဝင်ပြီး နစ်သွားတာပေါ့။ စက်လှေကတော့ မနေ့ကပဲ ပြန်ပေါ်တယ်။ အလောင်းနှစ်လောင်း ရတယ်။ ပြီးတော့ ရှစ်ယောက်က လွတ်မြောက်လာတယ်။ ကျန်တဲ့ ပျောက်ဆုံးနေသူတွေ ဟာ သေဖို့များပါတယ်။ အခု ကျွန်တော်တို့ အလောင်းတွေကို ကမ်းခြေမှာ ရှာနေပါတယ်"
ပျောက်ဆုံးနေတဲ့အထဲမှာ အမျိုးသမီး ဆယ်ဦးလည်း ပါဝင်တယ်လို့ ဘာဆာရာရွာ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။
အသက်ရှင်လျက်လွတ်မြောက်လာသူ ရှစ်ဦးကတော့ စက်လှေနစ်မြုပ်ချိန်မှာ ပလစ်စတစ်ဘူးတွေကို ဆွဲယူလို့ရလိုက်တာကြောင့် အသက်ရှင်ခဲ့တာလို့ ပြောပါတယ်။
ရခိုင်ပြည်နယ်စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ်သတင်းမှာတော့ အဲဒီရိုဟင်ဂျာတွေဟာ ရသေ့တောင်မြို့နယ်ကနေ မလေးရှားနိုင်ငံကို စက်လှေနဲ့ ထွက်ခွာလာတာဖြစ်ပြီး စစ်တွေအနီးပင်လယ်ပြင်မှာ လှိုင်းကြီးပြီး စက်လှေနစ်မြုပ်သွားတာလို့ ထုတ်ပြန်ထားပါတယ်။