ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်သူများ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်တောင်း

နေမျိုးထွန်း
2020.01.14
dassk-kayah-622 ကယားပြည်နယ် လွိုင်ကော်မြို့မှာ ၂ဝ၁၇ ဒီဇင်ဘာလ ၂၉ ရက်နေ့ကကျင်းပတဲ့ ငြိမ်းချမ်းရေး လူငယ်စကားဝိုင်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ်
Photo: Myanmar State Counsellor Office

မနက်ဖြန်မှာ ကျရောက်မယ့် ၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား တက်ရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရဖို့ ကရင်နီလူငယ်ဖွဲ့တွေက တောင်းဆိုထားပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံမှာ မနက်ဖြန် ကျင်းပမယ့် ၆၈ နှစ်မြောက် ကယားပြည်နယ် နေ့ အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာဖြစ်ပြီး လူထုနဲ့လည်း တွေ့ဆုံသွားဖို့ရှိနေပါတယ်။

အဲဒီအခမ်းအနားကို တက်ရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ခွင့်ရဖို့ ကရင်နီလူငယ်အဖွဲ့တွေက နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ ကယားပြည်နယ်အစိုးရဆီကို စာရေးသားတောင်းဆိုထားပါတယ်။

အမျိုးသားတန်းတူရေးကိုအခြေခံတဲ့ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ တောင်သူလယ်သမားတွေကိစ္စ၊ ဗိုလ်ချုပ် ကြေးရုပ်စိုက်ထူတဲ့ကိစ္စတွေအတွက် တွေ့ခွင့်ရဖို့တောင်းဆိုတာ ဖြစ်တယ်လို့ ကရင်နီပြည်လူငယ်များသမဂ္ဂ ဗဟိုကော်မတီဝင် ခူးကြူးဖဲကေးက RFA ကိုပြောပါတယ်။

“ပထမအချက်က တောင်သူတွေကိစ္စဖြစ်ပါတယ်။ ဒုတိယအချက်က ကျွန်တော်တို့ ကြေးရုပ်တုကိစ္စကို အဖေ ကြေးရုပ်ကိစ္စကို သမီးကို ပြောပြချင်တဲ့ပုံစံဖြစ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားတန်းတူရေး ရှုထောင့်ကို အခြေခံပြီးတော့ တွေ့ဆုံဆွေးနွေးရေး ယဉ်ကျေးမှုကသာ ဖြေရှင်းနိုင်စေမယ့်ပေါ့ ကျွန်တော်တို့က အဲဒီလို ယူဆပါတယ်။ တလက်စတည်းမှာပဲ တွေ့ဆုံဆွေးနွေးရေးကို တောက်လျှောက်လမ်းဖွင့်လာခဲ့တာရှိတယ်။ အစိုးရအပေါ်လည်း လမ်းဖွင့်ခဲ့တယ် ပြည်နယ်အစိုးအပေါ်မှာပါ။ ဒါပေမဲ့ သူတို့ဘက်ကသာ ကျွန်တော်တို့ကို လမ်းပိတ်လုပ်ဆောင်ခဲ့တာတွေရှိတာပါ။ ကျွန်တော်တို့ အရင်ကိုင်ခဲ့တဲ့မူကိုပဲ ဆက်ကိုင်တယ်။ သူနဲ့ သီးသန့်တွေဖို့ စာတင်ထားတဲ့ကိစ္စတော့ရှိပါတယ်။

အဲဒီလို တွေ့ဆုံခွင့်တောင်းထားပေမယ့် လက်ရှိအချိန်အထိ တွေ့ခွင့်ရ မရ တိတိကျကျ မသိရသေးသလို တွေ့ဆုံခွင့်ရဖို့ ရာခိုင်နှုန်းနည်းပါတယ်လို့လည်း ခူးကြူးဖဲကေးက ပြောပါတယ်။

ကရင်နီလူငယ်တွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခွင့်ရဖို့ စာရေးသားတောင်းဆိုထားပေမယ့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက လက်ရှိအချိန်အထိ စာလက်ခံမရရှိသေးဘူးလို့ ပြောပါတယ်။

“လောလောဆယ်တော့ ကျွန်တော့်ဆီမှာ စာမရောက်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒါကို ချိတ်ဆက်ပြီးမှ အကောင်းဆုံး သူတို့ကို စီမံဆောင်ရွက်ပေးဖို့ စီမံနေတယ်နော်”


နိုင်ငံတော် အတိုင်ပင်ခံရုံးကို ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်ဟာ NLD အစိုးရရဲ့ လွဲမှားခဲ့တဲ့ ဒေသအရေးကိုင်တွယ်ဖြေရှင်းပုံကို ဖာထေးဖို့ သက်သက်၊ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးဖို့သက်သက်ဆိုရင်တော့ ကြိုဆိုမှာမဟုတ်ဘူးလို့လည်း ကရင်နီလူငယ်တွေက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် မကြိုဆိုတာလဲဆိုတာနဲ့ပတ်သက်လို့ ကရင်နီလူငယ်တစ်ဦးဖြစ်တဲ့ ကိုဒီးဒီက အခုလိုပြောပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်းလည်း ကျွန်တော်တို့ ပြည်နယ်ကို ၁၉၄၇ မှာ တခါရောက်ဖူးတယ်ပေါ့နော်၊ ၁။ လွတ်လပ်ရေး အတူတူယူဖို့၊ အမျိုးသားတန်းတူရေးကို သူအာမခံတော့ ကျွန်တော်တို့ ပါလာတာပေါ့နော်။ သို့သော် သူ့ရဲ့ကတိတွေကို အစိုးရအဆက်ဆက်က အကောင်အထည်မဖော်ဘူး၊ အလေးမထားဘူး။ ပြီးရင် ကြေးရုပ်ပဲ အတင်းလာစိုက်ထူတာ ကျွန်တော်တို့တွေ့ရတယ်။ နောက် သူ့သမီးလက်ထက်မှာလည်း ကျွန်တော်တို့ အများကြီးမျှော်လင့်တာပေါ့နော်။ သူ့အဖေကတိတွေကို ပြန်ပြီးမှ ကောင်အထည်ဖော်မယ်လို့ မျှော်လင့်တယ် သို့သော် ဖြစ်မလာဘူးပေါ့နော် ဆိုတော့ ကျွန်တော်တို့မှာက ခံစားချက်တွေ အများကြီးဖြစ်လာတဲ့အတွက် မကြိုဆိုရခြင်းဖြစ်တယ်။”

ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးစကားဝိုင်းအတွက် ကယားပြည်နယ်ကို လာရောက်ခဲ့စဉ်ကလည်း ဒေသခံတွေက ပြည်နယ်အစိုးရရဲ့ စီမံခံခွဲမှုအမှားတွေ တင်ပြခွင့်မရှိသလို တွေ့ဆုံခွင့်လည်း မပေးခဲ့ဘူးလို့ ကိုဒီးဒီက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မကြိုဆိုဘူးဆိုပြီး ကန့်ကွက်နေသူတွေရှိသလို ကြိုဆိုဖို့ စီစဉ်နေသူတွေလည်း ရှိပါတယ်။

မနက်ဖြန် ကယားပြည်နေ့အခမ်းအနားကို တက်ရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသား အက အဖွဲ့တွေ၊ ဒေသခံလူငယ်အဖွဲ့တွေ အားလုံးဝန်းရံကြိုဆိုသွားမယ်လို့ လွိုင်ကော် လူငယ်ရေးရာကော်မတီလည်းဖြစ် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ဦးဆောင်သူလည်းဖြစ်တဲ့ ဦးကိုကိုဦး က ပြောပါတယ်။

“ကျွန်တော်တို့ကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ ပြင်ဆင်နေပါတယ်ဗျ။ အစီအစဉ် ထူးထူးခြားခြားတော့ မရှိပါဘူးဗျ။ ဒေါ်အောင်ဆန်းစုကြည်လာမယ့် လမ်းကြောင်းမှာ တိုင်းရင်းသားအဖွဲ့တွေ၊ အကအဖွဲ့တွေ ဝန်းရံတဲ့ လူငယ်အဖွဲ့တွေ၊ ဒေသခံတွေ အားလုံးဝန်းရံပြီး ကြိုဆိုသွားမှာ ဖြစ်ပါတယ်ခင်ဗျ”

လယ်ယာမြေပြဿနာတွေကိုလည်း တင်ပြဖို့ ကရင်နီလူငယ်တွေက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို တွေ့ဆုံခွင့်တောင်းဆိုထားတာလည်းဖြစ်ပါတယ်။

လက်ရှိ တပ်မတော်က သိမ်းဆည်းထားတဲ့ မြေယာတွေနဲ့ပတ်သက်ပြီး ကယားပြည်နယ်မှာ တရားစွဲဆိုခံထားရတဲ့ တောင်သူ ၄၀ ကျော်ရှိပြီး အဲဒီထဲက ၁၁ ဦးဟာ ဖမ်းဆီးခံထားရပြီး အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အဲဒီလို ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ တောင်သူတွေအရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီ စာ ၁၀ ကြိမ်ထက်မနည်း ပေးပို့ခဲ့ပေမယ့် လက်ရှိအချိန်အထိ အကြောင်းပြန်ကြား လာတာ မရှိသေးဘူးလို့လည်း ကရင်နီလူငယ်တွေက ပြောပါတယ်။

ဒါ့အပြင် ကယားပြည်နယ် အစိုးရက လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံမှာ စိုက်ထူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် ဖယ်ရှားပေးဖို့ ကရင်နီပြည်လူငယ်တွေက တောင်းဆိုထားမှုနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ အဖြေထွက်လာတာ မရှိသေးပါဘူး။

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူဖို့ကိစ္စနဲ့ ပတ်သက်ပြီး ကယား ပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနဲ့ ပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်ကို ဝေဖန်ပြစ်တင်ခဲ့တာကြောင့် နိုင်ငံသားများရဲ့ ပုဂ္ဂိလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ပေးတဲ့ ဥပဒေ ပုဒ်မ ၁၀ နဲ့ ကရင်နီလူငယ် ခြောက်ဦးကို လွိုင်ကော်မြို့နယ် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ခြောက်လချမှတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။