ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့မှာ ဒီဇင်ဘာ ၃၁ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့သူ လူငယ်လေးဦးရဲ့ မိဘတွေကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးအကြိုနေ့က ပြွန်တန်ဆာမြို့၊ မြို့မ ၃ ရပ်ကွက်က ဦးစိုးသိန်းရဲ့ နေအိမ်မှာ ပေါက်ကွဲမှုဖြစ်ပြီး အိမ်ရှင် ဦးစိုးသိန်းရဲ့သားဖြစ်သူ ကိုဇင်ကိုလွင်နဲ့အတူ ကိုအောင်ပြည့်စုံထွန်း၊ ကိုကျော်စွာနဲ့ ကိုစည်သူထွန်း တို့ လေးဦး နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
ဒဏ်ရာအပြင်းအထန်ရထားတဲ့ ကိုအောင်မြင့်မြတ်ထွန်း ကိုတော့ ရဲနဲ့စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၃၁ ရက်နေ့က အခင်းဖြစ်ပြီး သိပ်မကြာခင်မှာပဲ ပြွန်တန်ဆာရဲစခန်းက တာဝန်ရှိသူတွေအပြင် ညောင်လေးပင်အခြေစိုက် ခမရ (၂၀) က တပ်ရင်းမှူးနဲ့အတူ ပဲခူးတိုင်းအရှေ့ခြမ်း မြို့နယ်လေးခုရဲ့ စစ်ဆင် ရေးအကြီးအကဲ ဒုတိယဗိုလ်မှူးကြီး ဝင်းထွဋ်အောင် ကိုယ်တိုင် ချက်ချင်းရောက်လာပြီး အခင်းဖြစ်ရာနေအိမ်နဲ့ လမ်းတွေကို ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
အဲဒီနောက် ပေါက်ကွဲမှုဖြစ်တဲ့ နေအိမ်ပိုင်ရှင်တွေဖြစ်ကြတဲ့ သေဆုံးသူ ကိုဇင်ကိုလွင်ရဲ့ ဖခင် ဦးစိုးသိန်းနဲ့ မိခင် ဒေါ်လှသွယ် တို့ကို ခမရ (၂၀) စစ်တပ်ထဲကို ဖမ်းဆီးခေါ်ဆောင်သွားစဉ် မိခင် ဒေါ်လှသွယ်က သတိလစ် မေ့မျောသွားတဲ့အတွက် ညောင်လေးပင်ဆေးရုံကို အရေးပေါ်တင်လိုက်ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဖခင် ဦးစိုးသိန်း ကိုတော့ အခုချိန်ထိ စစ်တပ်ထဲမှာ ဖမ်းဆီးစစ်ဆေးနေဆဲလို့ ဆိုပါတယ်။ နောက်ထပ်သေဆုံးသူတစ်ဦးဖြစ်တဲ့ ကိုအောင်ပြည့်စုံထွန်းရဲ့မိခင်ကိုလည်း ရဲနဲ့စစ်တပ်က တစ်ပြိုင်တည်း ဖမ်းဆီးဖို့ ကြိုးစားရာမှာ မိခင်ဖြစ်သူက ကြိုတင်တိမ်းရှောင်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အခုအခါ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး နောက်ကွယ်မှာ ဘယ်သူတွေ ထောက်ပံ့နေသလဲ၊ ဘယ်သူတွေ ပါဝင် ပတ်သက်နေသလဲဆိုတာကို ရဲနဲ့စစ်တပ်က အပူတပြင်း စုံစမ်းတာ၊ စစ်ဆေးမေးမြန်းတာတွေ လုပ်နေတဲ့ အတွက် သေဆုံးသူတွေရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူ လေးဦးထဲက ကိုအောင်ပြည့်စုံထွန်းနဲ့ ဒဏ်ရာရပြီးအဖမ်းခံရတဲ့ ကိုအောင်မြင့်မြတ်ထွန်း တို့ဟာ ညီအကိုအရင်းတွေဖြစ်ပြီး ကိုအောင်မြင့်မြတ်ထွန်းက သင်္ဘောသား၊ သေဆုံးသူ ကိုအောင်ပြည့်စုံထွန်းက တောင်ငူ နည်းပညာတက္ကသိုလ်က အင်ဂျင်နီယာဘွဲ့ရရှိထားတဲ့ ပညာတတ်လူငယ်တစ်ဦးဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒဏ်ရာနဲ့အဖမ်းခံထားရတဲ့ ကိုအောင်မြင့်မြတ်ထွန်းကိုတော့ ပဲခူးဆေးရုံမှာ တင်ထားပြီး ခြေနှစ်ဖက်စလုံး ဖြတ်လိုက်ရတယ်လို့ ပြောကြပါတယ်။
အခင်းဖြစ်ပြီးနောက်တစ်ရက် ဇန်နဝါရီ ၁ ရက်နေ့မှာပဲ စစ်ကောင်စီက သေဆုံးသူလေးဦးဟာ အကြမ်းဖက် လုပ်ရပ်တွေ လုပ်ဖို့အတွက် ဖောက်ခွဲရေးပစ္စည်းတွေကို စမ်းသပ်နေစဉ် ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ သတင်း ထုတ်ပြန်ထားပါတယ်။
ပြွန်တန်ဆာမြို့ ဒေသခံတွေကတော့ ဒီလူငယ် ငါးယောက်ဟာ ပရဟိတလုပ်ငန်းတွေမှာ စိတ်အားထက်သန်သူ တွေဖြစ်ပြီး ကိုဗစ်ကပ်ရောဂါဖြစ်ပွားချိန်က ဝေဒနာအပြင်းအထန် ခံစားနေရတဲ့ မြို့ခံပြည်သူတွေအတွက် အောက်ဆီဂျင်ရရှိရေး ဆောင်ရွက်တာ၊ ရောဂါမကူးစက်ရေး ဆေးဖြန်းတာတွေအပြင် ရွှေဇာမြေလူမှုကူညီရေး အသင်းနဲ့အတူ သေဆုံးတဲ့ရုပ်အလောင်းတွေကို ကူညီသင်္ဂြိုဟ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။