ရွှေပေါက္ကံက စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ ဗုံးသီးနဲ့ ပစ်ခတ်ခံရ

ရွှေပေါက်ကံမြို့နယ် တောင်ငူလမ်း EPC ရုံးဘေး နေရာပြမြေပုံ
ရွှေပေါက်ကံမြို့နယ် တောင်ငူလမ်း EPC ရုံးဘေး နေရာပြမြေပုံ (Photo: Google Map)

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ် တောင်ငူလမ်း EPC ရုံးဘေးက စစ်ကောင်စီ တပ်သားတွေ ရှိနေတဲ့နေရာမှာ ဇန်နဝါရီလ ၆ ရက် ဒီနေ့မနက် ၄ နာရီ မိနစ် ၅၀ ခန့်က ပစ်ခတ်မှု ဖြစ်ပွား ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ရှိနေတဲ့နေရာကို လောင်ချာဗုံးသီးတွေနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး ပေါက်ကွဲသံတွေ ကျယ်ကျယ်လောင်လောင် ကြားရတယ်လို့ ရွှေပေါက္ကံမြို့သစ်မှာ နေထိုင်တဲ့ ကိုမိုးသူက ပြောပါတယ်။

"စကစတွေ တပ်စွဲထားတာတော့ အဲနေရာမှာ ကြာပြီ။ EPCရုံးကို လုံခြုံရေး ယူပေးထားကြတာ။ ဘယ်လောက်သေမလဲတော့ မသိဘူး အသံကျယ်တာက အိမ်တောင် တုန်သွားတယ်"

ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း EPC ရုံးရှိရာ တောင်ငူလမ်းကို ခေတ္တပိတ်ထားတဲ့အပြင် ဆေးရုံကားတွေနဲ့ တခြား စစ်ကောင်စီ တပ်သားကားတွေလည်း ဝင်ထွက်သွားလာကြတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။

ဒီပစ်ခတ်မှုကို Yangon Federal Army-YFA အဖွဲ့က CGF YGN နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး M79 40mm ဗုံးသီး သုံးလုံးနဲ့ ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။ ဒီပစ်မှုကြောင့် စစ်ကောင်စီဘက်က ၁၀ ဦးထက် မနည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ထိခိုက်မှုအခြေအနေနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက် လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။