အဲဒီက ရပ်ကွက်တချို့က ရယကရုံးတွေမှာ နိုဝင်ဘာ ၅ ရက် ဒီကနေ့ ကြိုတင်မဲ ကောက်ခံနေပြီး အာဏာပိုင်တွေက သူတို့ရှေ့မှာတင် မဲစာရွက်ကို ရေးခြစ်ခိုင်းတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
ဒါ့အပြင် ဘယ်သူက မဲဘယ်လိုပေးသွားတယ်၊ ဘယ်ပါတီကို ပေးသွားတယ်ဆိုတာ သိနိုင်အောင် စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အဲဒါကတော့ မဲလက်မှတ်တွေကို အလှူခံပြေစာ ပေးတဲ့ စာအုပ်လို အလယ်ခေါင်ကနေ ဖြတ်လို့ရအောင် နှစ်ခြမ်း ရိုက်နှိပ်ထားတာပါ၊ တခြမ်းက မဲစာရွက်၊ တခြမ်းက မဲရုံမှူး လက်ခံဖြတ်ပိုင်း ဖြစ်ပြီး နှစ်ဖက်လုံး နံပါတ်အတူတူ ဖြစ်နေပါတယ်။ ဒါကြောင့် မဲထည့်ထားတဲ့ နံပတ်ကို ကြည့်ရင် ဘယ်သူပေးထားတဲ့မဲလဲ ဆိုတာ သိနေပြီဖြစ်လို့ ဒါဟာ လျှို့ဝှက်မဲပေးစနစ် မဟုတ်တဲ့ အတွက် အဲဒီဒေသမှာ ဝင်ရောက် ယှဉ်ပြိုင်မဲ့ ကိုယ်စားလှယ်တွေက ကန့်ကွက်ပေမဲ့ မအောင်မြင်ဘူးလို့ ဆိုပါတယ်။
နောက်တချက်ကလည်း အာဏာပိုင်တွေက အဲဒီလို ဗြောင်မဲပေးခိုင်းသလို၊ ပယ်မဲမရှိအောင် လုပ်ရမယ်၊ ပယ်မဲရှိခဲ့ရင်လည်း ဒါကို ပြင်ဆင်ခွင့် ရှိတယ်လို့ သက်ဆိုင်ရာက လာရောက် ညွှန်ကြားသွားတာကို မဲရုံမှူး သတင်းရပ်ကွက်ကနေတဆင့် ကြားသိထားတယ်လို့ ဆိုပါတယ်။
