ပဲခူးက Bright Polite Star စက်ရုံပိုင်ရှင်ကို အလည တရားစွဲပြီ
2016.06.08
ပဲခူးမြို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာရုံးကို တွေ့ရစဉ်
ပဲခူးမြို့မှာ ဖွင့်လွစ်ထားတဲ့ Bright Polite Star အထည်ချုပ်စက်ရုံပိုင်ရှင်ကို အလုပ်ရှင် အလုပ်သမား သဘောတူ စာချုပ် ဖောက်ဖျက်မှုနဲ့ (အလည) အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက တရားစွဲလိုက်ပြီး ပဲခူးမြို့နယ် တရားရုံးမှာ ဒီနေ့ စတင် စစ်ဆေးခဲ့ပါတယ်။
Bright Polite Star အထည်ချုပ်စက်ရုံက အလုပ်သမားတွေကို ပြီးခဲ့တဲ့ ဧပြီလ အတွက် လုပ်ခလစာပေးဖို့ ပျက်ကွက်သလို စက်ရုံပိတ်သိမ်းလိုက်တာကို နစ်နာကြေးမပေးတာကြောင့် EC စာချုပ် ဖောက်ဖျက်မှုနဲ့ တရားစွဲတာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုးက ပြောပါတယ်။
"၁၅ ဦးနဲ့အထက်ရှိတဲ့ စက်ရုံအလုပ်ရုံတွေဟာ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ချုပ်ရတယ်၊ Bright Polite Star စက်ရုံက စာချုပ်ထဲမှာဆိုရင် လစာ ၅ ရက်နေ့မှာပေးရမယ်၊ ဒါပေမဲ့မပေးဘူး၊ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ချိုးဖောက်တာရယ် နောက်အဲ့မှာ နစ်နာကြေးပေးရမယ် ဆိုတဲ့ဟာလည်းပါတယ်၊ အဲ့နှစ်ခုကိုချိုးဖောက်လို့ ကျမတို့က တရားစွဲတာ"
ဒီနေ့တရားရုံးချိန်းမှာ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက တင်ပြတဲ့ အလုပ်သမား သက်သေ ၅ ဦးကို စတင်စစ်ဆေးခဲ့ပါတယ်။
Bright Polite Star အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၃၃၀ ကျော်ရှိပြီး အလုပ်သမားတွေကို ဧပြီလအတွက် လစာနဲ့ နစ်နာကြေးမပေးပဲ ပြီးခဲ့တဲ့ မတ်လဆန်းကစပြီး စက်ရုံကို ပိတ်ခဲ့တာဖြစ်ပါတယ်။
အလုပ်သမားအားလုံးအတွက် အလုပ်ရှင်က လုပ်အားခ ကျပ်သိန်း ၃၈၀ ကျော်၊ စက်ရုံပိတ် နစ်နာကြေး ကျပ် ၂၅၅ သိန်းကျော် စုစုပေါင်း ကျပ် ၆၃၅ သိန်းကျော် ပေးလျော်ရမှာဖြစ်ပါတယ်။
ပဲခူးမြို့မှာ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ စက်ရုံ ၄၀ လောက်ရှိပြီး အလုပ်ရှင်၊ အလုပ်သမား ပြဿနာဖြစ်တာကြောင့် စက်ရုံပိုင်ရှင်ကို အလုပ်သမားညွှန်ကြားမှူးဦးစီးဌာနက တရားစွဲတာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။









