ဗြိတိသျှ ဝန်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေး

ဗြိတိသျှ ဝန်ကြီးချုပ် Mr David Cameron ဟာ ဒီကနေ့ ညနေပိုင်းမှာ နေပြည်တော်ကနေ ရန်ကုန်မြို့ကို ရောက်ရှိသွားပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
2012-04-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂၀၁၂ ခုနှစ် ဧပြီလ ၁၃ ရက်က ဗြိတိသျှ ဝန်ကြီးချုပ် Mr David Cameron နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနေစဉ်။
၂၀၁၂ ခုနှစ် ဧပြီလ ၁၃ ရက်က ဗြိတိသျှ ဝန်ကြီးချုပ် Mr David Cameron နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနေစဉ်။
Photo courtesy of News and Information Department of NLD

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာမှာ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ်က သူတို့အနေနဲ့ မြန်မာနိုင်ငံအရေးကို သတိအပြည့်ထားပြီးတော့ အကောင်းဘက်ကို ကြည့်သွားရပါမယ်လို့ပြောကြားပါတယ်။

မြန်မာအစိုးရအနေနဲ့ ဘာဖြစ်လို့ အခုလို အပြောင်းအလဲတွေ လုပ်နေတယ်ဆိုတာ အတိအကျ မပြောနိုင်ပေမယ့် စီးပွားရေးတိုးတက်ရေးအတွက်၊ ဆင်းရဲမွဲတေမှုတွေ တိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေတာတွေ မြင်နေရပြီး၊ ဗြိတိန်အစိုးရအနေနဲ့ မြန်မာနိုင်ငံက ပေါ်ထွက်လာတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြည့်ပြီး လိုက်ဖက်တဲ့ ပံ့ပိုးကူညီမှု ပေးသွားမှာဖြစ်တယ်။ ဒါကြောင့် ပိတ်ဆို့မှုတွေကို အားလုံး ပြန်ပြီးရုပ်သိမ်းမှာ မဟုတ်သေးဘူးလို့လည်း ဆိုပါတယ်။

နိုင်ငံအများအပြားကိုကြည့်ရင် ဒီမိုကရေစီဟာ စီးပွားရေးအောင်မြင်မှုနဲ့ တွဲဖက်ရှင်သန်လာတာကို အထင်းသား တွေ့မြင်ကြရမှာပါ။ အခုဆိုရင် မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတွေ တော်တော်များများ လွှတ်ပေးလာတယ်။ တိုင်းရင်းသားအရေး ဆွေးနွေးမှုတွေ လုပ်လာတယ်။ အားရစရာမရှိသေးပေမဲ့ ဆက်လုပ်လာတယ်။ ပြုပြင်ပြောင်းလဲမှုတွေ များလာတာနဲ့အမျှ ကျွန်တော်တို့ကလည်း ပံ့ပိုးအားပေးသွားမှာ ဖြစ်တယ်လို့ ဗြိတိသျှဝန်ကြီးချုပ်က ပြောသွားပါတယ်။

အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က -

ကြားဖြတ်ရွေးကောက်ပွဲ ကာလတုန်းကသာ လာကြည့်မယ်ဆိုရင် ပြည်သူတွေအနေနဲ့ သူတို့ကြမ္မာ သူတို့ဖန်တီးနိုင်ဖို့၊ ဒီမိုကရေစီရရှိဖို့ စွမ်းအင်အပြည့်နဲ့ ဘယ်လောက်အားတက်သရော မဲပေးခဲ့ကြသလဲဆိုတာ မြင်တွေ့ရမှာပါ။ ဒီမိုကရေစီ မလိုလားကြသူတွေရဲ့ စွမ်းအားဟာ ဒီမိုကရေစီလိုချင်ကြတဲ့ ပြည်သူအများစုရဲ့ စွမ်းအားနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရနိုင်ပါဘူးလို့ ပြောကြားသွားပါတယ်။

ဗြိတိန် ဝန်ကြီးချုပ်ဟာ ဒီကနေ့ မြန်မာနိုင်ငံကနေ မထွက်ခွာခင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ညစာစားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့