ဗြိတိသျှ ဝန်ကြီးချုပ် မြန်မာနိုင်ငံကို လာမည်

ဗြိတိသျှ ဝန်ကြီးချုပ် David Cameron ဟာလာမယ့် သောကြာနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး အဲဒီနေ့မှာပဲ နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်သလို ရန်ကုန်မြို့မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

၂၀၀၈ ခုနှစ် မေလအတွင်း ကွန်ဆားဗေးတစ် ပါတီခေါင်းဆောင် David Cameron လန်ဒန်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေစဉ်။ Photo courtesy of Burma Campaign UK

ဝန်ကြီးချုပ် Mr. Cameron ရဲ့ ခရီးစဉ် ရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေ အရှိန်အဟုန်နဲ့ ဆက်သွားနိုင်အောင် တွန်းအားပေးတဲ့အနေနဲ့ သွားရောက်တာ ဖြစ်တယ်လို့ ဗြိတိသျှအစိုးရ အသိုင်းအဝိုင်းက ပြောပါတယ်။

ဗြိတိန်အစိုးရ တာဝန်ရှိသူတွေကတော့ ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကြိုတင် ထုတ်ပြန်ပြောဆိုလေ့ မရှိတဲ့အတွက် ဘာမှမှတ်ချက်မပေးပါဘူး။ ဒါပေမယ့် ဗြိတိန်အစိုးရ၊ မြန်မာအစိုးရနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် တာဝန်ရှိသူတွေကတော့ လာမယ့် သောကြာနေ့မှာ ရောက်ရှိမှာဖြစ်ကြောင်း အတည်ပြုပြောဆိုတယ်လို့ အေအက်ဖ်ပီနဲ့ ရိုက်တာသတင်းဌာနတွေက ဖော်ပြပါတယ်။

ဝန်ကြီးချုပ် David Cameron ရဲ့ ခရီးစဉ်ဟာ အနောက်နိုင်ငံကြီးတွေက အဆင့်မြင့်ဆုံး ခေါင်းဆောင်တစ်ဦး ပထမဆုံးအကြိမ် သွားရောက်ဆွေးနွေးတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်ပြီး ဗြိတိန် အပါအဝင် ဥရောပသမဂ္ဂ၊ အမေရိကန်နိုင်ငံတို့က တဖြည်းဖြည်းချင်း လျော့ချသွားမယ်လို့ ပြောထားပါတယ်။

Mr. Cameron ဟာ အာရှခရီးစဉ်အဖြစ် မနက်ဖြန်မှာ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဂျပန်နိုင်ငံတို့ကို စတင်ထွက်ခွာ သွားမှာဖြစ်ပြီး သောကြာနေ့မှာ မြန်မာနိုင်ငံကို ဆိုက်ရောက်မှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org