ဗုဒ္ဓဂါယာကို ဗုံးဖောက်ခွဲတဲ့ အကြမ်းဖက်သမားတွေ ဂျပန်ဘုရားကြီးကိုလည်း ဖျက်ဆီးရန် ကြံစည်


2013.07.10

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက နေရာ(၈)နေရာလောက်မှာ မှာ ဗုံးတွေဖောက်ခွဲခဲ့တဲ့အကြမ်းဖက်သမားတွေဟာ ဗုဒ္ဓရုပ်ပွားတော်ကြီး တစ်ဆူ မှာလည်း ဗုံးထောင်ခဲ့တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က မနေ့က ပြောပါတယ်။

၁၉၈၁ခုနှစ်က ဂျပန်နိုင်ငံအလှူငွေနဲ့ တည်ဆောက်ခဲ့တဲ့ ဉာဏ်တော်ပေ (၈၀) အမြင့်ရှိတဲ့ ရုပ်ပွားတော်ကြီးရဲ့ အလယ်ပိုင်းလောက်မှာဗုံးကို တပ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်အဲဒီဗုံးဟာ မပေါက်ကွဲခဲ့ပါဘူး။ကျွမ်းကျင်သူတွေကအဲဒီဗုံးကို ဖြုတ်ယူခဲ့ပြီးဖြစ်တယ်လို့ ရဲကပြောပါတယ်။ ဗုဒ္ဒဂါယာ အကြမ်းဖက်ဗုံးခွဲခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မိမိတို့ လက်ချက်ဖြစ်ကြောင်း ကြေညာတဲ့ အဖွဲ့အစည်း မရှိသေးပါဘူး။

ဒါပေမယ့် အိန္ဒိယ ရဲတပ်ဖွဲ့ကတော့ မြန်မာပြည်က ဘာသာရေးပဋိပက္ခတွေကိုအကြောင်းပြုပြီး ၊အစ္စလာမ် အစွန်းရောက် စစ်သွေးကြွတွေက ဗုဒ္ဓဂယာကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ကြံစည်နေတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေရရှိခဲ့ကြောင်း ပြောပါတယ်။

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလအတွင်းက နယူးဒေလီရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ အိန္ဒိယမူဂျာဟစ်ဒင် အဖွဲ့ဝင် လေးဦး ကို စစ်ဆေးမေးမြန်းခဲ့ရာမှာ အန်ဒရာပရာဒေ့ရှ်ပြည်နယ်၊ ဟိုက်ဒရာဘတ်မြိ့၊ ဒါစုခန်ဂါ အရပ် နဲ့ ဗုဒ္ဓဂါယာက ဗုဒ္ဓဘာသာ ဘုရားစေတီတွေ၊ ကျောင်းတွေကို တိုက်ခိုက်ရေးအတွက် အချက်အလက်တွေ စုဆောင်းဖို့ ပါကစ္စတန်အခြေစိုက်၊ အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ကို တည်ထောင်သူ ရီယက်ဘတ်တယ်က ညွှန်ကြားခဲ့ကြောင်း ထွက်ဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့ပြင် အမေရိကန်-ပါကစ္စတန် အကြမ်းဖက်သမား ဒေးဗစ် ကိုးလ်မန်း ကို FBI နဲ့NIA တို့က စစ်ဆေးခဲ့ရာမှာ ဗုဒ္ဓဂယာကို အကြမ်းဖက်ပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်ထားကြောင်း ထွက်ဆိုခဲ့ပါတယ်။

အဲဒီနောက် ဟိုက်ဒရာဘတ်မြိ့၊ ဒါစုခန်ဂါ မှာ ပထမအကြိမ် ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး၊ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ က ဗုဒ္ဒဂါယာ မှာ ဒုတိယအကြိမ် ဖြစ်ပွားခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၀၁ ခုနှစ်မတ်လ က အာဖဂန်နစ္စတန် နိုင်ငံ ဘာမီယန်ပြည်နယ်က ဗုဒ္ဓ ရုပ်ပွားတော်ကြီးတွေကို နိုင်ငံတကာက တောင်းပန်နေတဲ့ကြားက တာလီဘန် တွေက ဖေါက်ခွဲဖျက်ဆီးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။