ဒီမိုကရေစီပညာရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေတဲ့ ကျောင်းသားတွေကို အစိုးရက အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးလိုက်တဲ့အတွက် အရင်စစ်အစိုးရလိုပြုမူနေတဲ့ မြန်မာအစိုးရထဲက တာဝန်ရှိသူတွေကို ပစ်မှတ်ထားအရေးယူတဲ့ မူဝါဒအတိုင်းဆောင်ရွက်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမေရိကန်ပြည်ထောင် စုအခြေစိုက် The Burma Fund ခေါ် မြန်မာ့ရန်ပုံငွေအဖွဲ့က မနေ့က တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် အမေရိကန်နဲ့ EU ဥရောပနိုင်ငံတွေအနေနဲ့ မြန်မာအစိုးရကို ကူညီနေတာတွေနဲ့ ပတ်သက်လို့ ပြန်သုံးသပ်သင့်ပြီလို့ The Burma Fund အဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာတင့်ဆွေက RFA ကိုပြောပါတယ်။
ဒီအတောအတွင်းမှာပဲ ကျောင်းသားတွေ ငြိမ်းချမ်းစွာဆန္ဒပြတာကို၊ အကြမ်းဖက်နှိမ်နင်းတဲ့လုပ်ရပ်အတွက် ဝါရှင်တန်ဒီစီမြို့အနီးတဝိုက်က မြန်မာတွေကလဲ မနေ့ညနေက မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဖမ်းဆီးခံကျောင်းသားတွေ အမြန်ဆုံးပြန်လွှတ်ဖို့နဲ့ အကြမ်းဖက်မှုကိုရှုတ်ချဖို့ သံရုံးရှေ့မှာ ဆန္ဒပြကြတာလို့ ၈၈ မျိုးဆက်ကျောင်းသူတစ်ဦးဖြစ်တဲ့ မအတာလင်းက RFA ကိုပြောပါတယ်။
ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ လေးပွင့်ဆိုင်သဘောတူထားတဲ့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ချက်ကို သိက္ခာရှိရှိဖေါ်ဆောင်ပေးဖို့ တိုက်တွန်းတယ်လို့လည်း သူကဆိုပါတယ်။
