မြန်မာ့ ငွေလဲလှယ်နှုန်း ပြုပြင်ပြောင်းလဲမှု အပေါ် IMF ချီးကျူး
2012.04.21
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF အကြီးအကဲ Christine Lagarde အား ၂၀၁၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ်။
IMF အနေနဲ့ မြန်မာ့ ငွေကြေးဆိုင်ရာ အာဏာပိုင်တွေနဲ့အတူ ဆောင်ရွက်နေရာမှာ အထူးသဖြင့် လက်ရှိ ငွေကြေး ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံ ဗဟိုဘဏ်နဲ့ အချိန်ယူပြီး တွန်းတွန်းတိုက်တိုက် အလုပ်လုပ်နေတာ ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
မြန်မာအစိုးရဟာ ဧပြီလ (၂) ရက်နေ့ကစပြီး အမေရိကန် တစ်ဒေါ်လာကို (၈၁၈ ) ကျပ်နှုန်းနဲ့ နှုန်းရှင်ထားပြီး သတ်မှတ်ခဲ့ပါတယ်။
ရှင်းလင်းတဲ့ ငွေကြေးစနစ်နဲ့အတူ မြန်မာပြည် ပိုပြီး ပွင့်လာတာနဲ့အမျှ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးအဆင်ပြေချောမွေ့လာနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
မိမိတို့ IMF အနေနဲ့ မြန်မာပြည် ငွေကြေးစနစ်မှာ နေ့တဓူ၀ လိုသမျှ ကူညီသွားမှာဖြစ်ကြောင်း IMF အကြီးအကဲ Christine Lagarde က ပြောဆိုပါတယ်။
စီးပွားရေးပိတ်ဆို့မှု တချို့က ရုပ်သိမ်းထားပြီး ဖြစ်ပါတယ်။ အခု မြန်မာပြည်မှာ အရှိန်အဟုန် တစ်ခုတော့ ရနေပါပြီ။ အဲဒီအရှိန်အဟုန် ဆက်လက် တည်တံ့နေဖို့ကိုပဲ အထူးတလည် မျှော်လင့်မိပါတယ်လို့ IMF အကြီးအကဲက ဆိုပါတယ်။









