လူ့အခွင့်အရေးရအောင် အားထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ကမ္ဘာ့လူသားအားလုံးမှာ ရရှိနေတဲ့ အခွင့်အရေးတွေကို မြန်မာနိုင်ငံသားတွေ ခံစားခွင့်ရအောင် ကြိုးပမ်းဆောင်ရွက်ကြဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2012-03-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့နဲ့ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးတဲ့ ၂၄ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားနေစဉ်။ မတ်လ ၁၃၊ ၂၀၁၂။
ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့နဲ့ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးတဲ့ ၂၄ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားနေစဉ်။ မတ်လ ၁၃၊ ၂၀၁၂။
RFA

ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့နဲ့ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးတဲ့ ၂၄ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။ ကိုဖုန်းမော်ကျဆုံးတဲ့ ၁ နှစ်ပြည့်နေ့မှာ နိုင်ငံရေးအင်အားစုတွေက မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ကို သတ်မှတ်ခဲ့တာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြပါတယ်။

“ပထမတစ်နှစ်မြောက် ကိုဖုန်းမော်ကျဆုံးတဲ့နေ့နဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးများ မရှိခြင်းများနဲ့ ဆက်နွယ်နေတယ် ဆိုပြီးတော့ ကျွန်မတို့ အဲဒါနဲ့ပဲ အားလုံးကလည်း သဘောတူလို့ ဆုံးဖြတ်လိုက်တယ်။ မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေးနေ့ဆိုပြီးတော့ ကျွန်မတို့ သဘောတူလိုက်ကြတယ်။ ဘာပဲလုပ်လုပ် အပြုသဘောဆောင်တဲ့ရည်ရွယ်ချက် ရှိရမယ်။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး အရေးကြီးပုံနဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေကို အရှိန်မြှင့်ပြီး ညီညီညွတ်ညွတ် လုပ်ဆောင်သွားကြဖို့လည်း ပြောကြားသွားပါတယ်။ ဒီအခမ်းအနားမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း အမှာစကား ပြောကြားပါတယ်။

အခုလို အခမ်းအနားကျင်းပခွင့်ရဖို့ ပေးဆပ်ခဲ့ရတာကြောင့် ဒီအခွင့်အရေးတွေကနေ မြန်မာပြည်သူတွေ လူ့အခွင့်အရေး အမှန်တကယ်ရရှိရေးကို ကြိုးစားသွားကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ ဒီအခမ်းအနားကို ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများသမဂ္ဂ နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ စုပေါင်းကျင်းပတာဖြစ်ပြီး သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊ ဦးမိုးသူ အပါအဝင် နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေးပါတီတွေ၊ စာပေအနုပညာရှင်တွေ၊ ကျောင်းသားအင်အားစုတွေ သုံးရာခန့် တက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့မှာပဲ ၈၈ မျိုးဆက်ကျောင်းသားများက မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

ဒီကြေညာချက်မှာ မတ်လ ၁၃ ရက်နေ့ကို နိုင်ငံရေးအင်အားစုတွေက မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် ၁၉၈၉ ခုနှစ်မှာ သတ်မှတ်ခဲ့ကြပေမယ့် နှစ်ပေါင်း ၂၀ ကျော်ကြာ ဒီကနေ့မှ စုဝေးခွင့်တွေ အခမ်းအနားကျင်းပခွင့်တွေ ရခဲ့တာဖြစ်ကြောင်း၊ ဒီအခွင့်အရေးကို ဆက်လက်ထိန်းသိမ်းထားဖို့နဲ့ ရှင်သန်ကြီးထွားနိုင်ဖို့ အားလုံးမှာ တာဝန်ရှိကြောင်း၊ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ပါဝင် သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို ပြည်သူတွေ သိရှိဖို့၊ လူ့အခွင့်အရေးကို ခံစားကျင့်သုံးနိုင်ရေးအတွက် နိုင်ငံရေးအင်အားစုအားလုံးနဲ့ နိုင်ငံသားအားလုံး ပူးပေါင်းကြိုးပမ်းကြဖို့ တိုက်တွန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့