အင်ဒိုနီးရှားကျွန်းက မြန်မာ အလုပ်သမားတချို့ ဘေး ကင်းရာရောက်ပြီ


2015.04.04

လူမှောင်ခိုသမားတွေရဲ့ သွေးဆောင်ဖျားယောင်းမှုနဲ့ ရောင်းချခံရပြီး ထိုင်းငါးဖမ်းသင်္ဘောတွေမှာ ကျွန်သဖွယ် ခိုင်းစေခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတချို့ကို အင်ဒိုနီးရှားကျွန်းတစ်ကျွန်းကနေ မနေ့က ပထမဆုံးအသုတ်အဖြစ် ကယ်ဆယ်ခဲ့ပြီလို့ သိရပါတယ်။

အဲ့ဒီမြန်မာနိုင်ငံသားတွေဟာ ထိုင်းငါးဖမ်းလှေတွေမှာ အလုပ်လုပ်ရင်း အင်ဒိုနီးရှားက ဘင်ဂျီနာဆိုတဲ့ ကျွန်းတစ်ကျွန်းမှာ အကျဉ်းသားတွေလို နေထိုင်ခဲ့ရသူတွေဖြစ်ပါတယ်။

အေပီသတင်းဌာနရဲ့ ဖေါ်ထုတ်မှုကြောင့် သက်ဆိုင်ရာအစိုးရတွေက သူတို့ကိုကယ်တင်ဖို့ စီစဉ်နေစဉ်အတွင်း အင်ဒိုနီးရှားအစိုးရက အဲ့ဒီကျွန်းကလေးကနေ လုံခြုံရေးအတွက် စိတ်ချရတဲ့ တခြားကျွန်းတစ်ကျွန်းကို ပထမဆုံး အကြိမ်အဖြစ် သင်္ဘော ၆ စင်းနဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။

ဘင်ဂျီနာကျွန်းကနေ မနေ့က လွတ်မြောက်လာတဲ့ ငါးဖမ်းအလုပ်သမား ၃ဝဝ ကျော်ထဲမှာ မြန်မာတွေက အများ ဆုံးဖြစ်ပါတယ်။ ကယ်ဆယ်ရေး သင်္ဘောတွေပေါ်မှာ မြန်မာပြည်ကို ပြန်ကြရတော့မယ်ဆိုပြီး သီချင်းတွေဆို လက်ခုပ်တွေတီးရင်း လိုက်ပါလာခဲ့ကြတယ်လို့ ဆိုပါတယ်။

အခုလွတ်လာတဲ့ မြန်မာတွေအနက် အသက် ၂၆ နှစ်ရှိတဲ့ ကိုအောင်အောင် ဆိုသူက သူအဓမ္မခိုင်းစေခံခဲ့ရစဉ် ထိုင်းငါးဖမ်းသင်္ဘော ဦးစီးမှူးရဲ့သားက ဓါးနဲ့ခုတ်လို့ သူ့ရဲ့ပါးစပ်ကနေ လည်ပင်းအထိရရှိခဲ့တဲ့ အမာရွတ်ကိုပြရင်း ကျနော် အိမ်ပြန်ချင်တာကြာလှပြီ၊ အခု အင်မတန်ပျော်နေတယ်လို့ ပြောပါတယ်။ အဲ့ဒီ မြန်မာတွေရှိတဲ့ အင်ဒိုနီးရှားက ကျွန်းတွေကို မြန်မာသံရုံးက ဧပြီလ ၆ ရက်နေ့မှာ သွားရောက်ပြီး လူစာရင်း ကောက်ယူမယ်လို့ ဆိုပါတယ်။ သူတို့ကို မြန်မာပြည် အမြန်ဆုံးပြန်လည်ခေါ်ယူဖို့ မြန်မာအစိုးရကို အမေရိကန်အစိုးရက တိုက်တွန်းခဲ့ကြောင်းလည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။