စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ ကချင်နဲ့ ကရင် စတဲ့ တိုင်းနဲ့ ပြည်နယ်ခုနစ်ခု မှာ ဇူလိုင်လအတွင်း စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေနဲ့ နေအိမ် ၂၇၄၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနဲ့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက ဩဂုတ်လ ၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ဇူလိုင်လအတွင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှု ၈၅ ကြိမ်အထိရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၅၅ ကြိမ်နဲ့ နေအိမ် ၁၇၅၀ အထိ အများဆုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ မန္တလေးတိုင်းမှာတော့ မီးရှို့မှု ခုနစ်ကြိမ်အတွင်း နေအိမ် ၄၄၁ လုံး၊ မကွေးတိုင်းမှာ ငါးကြိမ်နဲ့ နေအိမ် ၃၇၁ လုံး၊ ပဲခူးတိုင်းမှာ ကိုးကြိမ်နဲ့ နေအိမ် ၆၃ လုံး၊ တနင်္သာရီ တိုင်းမှာ ငါးကြိမ်နဲ့ နေအိမ် ၁၅ လုံး၊ ကချင်ပြည်နယ်မှာ သုံးကြိမ်နဲ့ နေအိမ် ၉၇ လုံး၊ ကရင်ပြည်နယ် မှာ တစ်ကြိမ်နဲ့ နေအိမ် လေးလုံး ပျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
နေအိမ်တွေကို မီးရှို့ဖျက်ဆီးခံရတဲ့တစ်ချိန်တည်းမှာပဲ စစ်ကိုင်းတိုင်းက ကိုးဦး၊ မန္တလေး တိုင်းက သုံးဦးနဲ့ ပဲခူးတိုင်းက သုံးဦး၊ စုစုပေါင်း လူ ၁၅ ဦးသတ်ဖြတ်ခံခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီအချက်အလက်တွေဟာ လွတ်လပ်တဲ့မီဒီယာနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေကို ကိုးကားပြီး ပြုစုထားတာလို့လည်း ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ တပ်မတော်စစ်ကြောင်းတွေအနေနဲ့ အရပ်သားတွေ ထိခိုက် အောင် လုပ်စရာ အကြောင်းမရှိသလို နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေဟာလည်း PDF အဖွဲ့တွေရဲ့ လက်ချက်သာ ဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။
ဇူလိုင်လ ၃၀ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ကသာမြို့နယ် ကျောက်ထုံးကြီးကျေးရွာက နေအိမ် ၂၅ လုံးကို KIA အဖွဲ့က အကြမ်းဖက်မှုကို လိုလားသူတွေနဲ့ PDF အဖွဲ့တွေက မီးရှို့ ဖျက်ဆီးခဲ့ကြတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာ မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ နိုင်ငံတစ်ဝန်းက နေအိမ်နဲ့ အဆောက်အအုံ ၈၁,၈၉၉ လုံး မီးရှို့ဖျက်ဆီး ခံထားရတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ လေ့လာစောင့်ကြည့်နေတဲ့ မြန်မာ့မဟာ ဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေး အင်စတီကျု (ISP - Myanmar) က ဇူလိုင်လ ၂၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။