ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်တွေမှာ ဇူလိုင်လ ၁၈ ရက်နေ့ကနေ ဩဂုတ်လ ပထမပတ်ထိ ရွာသုံးရွာက နေအိမ် ၁၂၀ ကျော် မီးရှို့ ဖျက်ဆီးခံရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဩဂုတ်လ ၂၃ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ကျောက်ကြီးမြို့နယ်ထဲမှာ ဇူလိုင်လ ၁၉ ရက်နေ့နဲ့ ဩဂုတ်လ ပထမပတ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က နံဇရွာက နေအိမ် ၆၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။
မုန်းမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေ အောက်ကြာအင်းရွာ အနီးမှာ ဩဂုတ်လ ၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က အောက်ကြာအင်းရွာကို ဝင်ရောက်ပြီး နေအိမ် ၂၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဇူလိုင်လ ၁၈ ရက်နေ့မှာတော့ မုန်းမြို့နယ်၊ နောင်ကုန်းရွာက နေအိမ် ၂၇ လုံး၊ စပါးကျီ ၁၆ လုံးနဲ့ တဲ ၁၁ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ကပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကတော့ ညောင်လေးပင်ခရိုင်အတွင်းက မြို့နယ်တစ်ချို့ KNLA ပူးပေါင်းတပ်တွေ ဝင်လာကြောင်း သတင်းရတဲ့အတွက် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ဒေသတည်ငြိမ်ရေးနဲ့ လုံခြုံရေး ဆောင်ရွက်နေပြီး လက်ရှိမှာလည်း တည်ငြိမ်အောင် ထိန်းသိမ်းဆောင်ရွက်ထားနိုင်တယ်လို့ RFA ကို ပြောပါတယ်။
မုန်းမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်က အရပ်သားတွေရှိတဲ့ ရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့်လည်း ရွာပေါင်း ၁၁ ရွာက ဒေသခံတွေ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ဩဂုတ်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ညောင်လေးပင်ခရိုင် ရွှေကျင်၊ ကျောက်ကြီးနဲ့ မုန်းမြို့နယ်ထဲမှာ ဩဂုတ်လ ၁၃ ရက်နေ့ကနေ ၁၈ ရက်နေ့အထိလည်း လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်း တိုက်ခိုက်တာနဲ့ နေအိမ်တွေမီးရှို့ဖျက်ဆီးတာတွေကို လုပ်ဆောင်နေတယ်လို့လည်း KNU ကပြောပါတယ်။
ဩဂုတ်လ ၁၈ ရက်နေ့မှာလည်း ကျောက်ကြီးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု လေးကြိမ်လုပ်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရတဲ့အပြင် နေအိမ် လေးလုံး ထိခိုက်ပျက်စီးတယ်လို့ KNU ရဲ့ ဩဂုတ်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၂၀၂၃ ခုနှစ် ဇူလိုင်လတစ်လအတွင်းမှတော့ ညောင်လေးပင်ခရိုင်အတွင်းမှာ တိုက်ပွဲပေါင်း ၉၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်ထိ လုပ်ခဲ့တယ်လို့ KNU ကပြောထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် ပဲခူးတိုင်း အရှေ့ခြမ်းက ဒေသခံတစ်သိန်းနီးပါး (၉၈,၁၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။