စစ်ကိုင်းတိုင်း၊ ဝက်လက်နဲ့ ရွှေဘိုမြို့နယ်အစပ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက ဩဂုတ် ၁၆ ရက်နေ့က ဝင်ရောက်စီးနင်းစဉ် နေအိမ် သုံးဆယ်ခန့်မီးရှို့ခံရပြီး ရွာခုနစ်ရွာက လူနှစ်ထောင်ကျော်လည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဘိုမြို့နယ်၊ ဂွေးပင်ကုန်းရွာက နေအိမ် သုံးဆယ်ခန့် မီးရှို့ဖျက်ဆီးခံရပြီး အနီးမှာရှိတဲ့ ကံကြီးတော၊ ရွာသစ်ကုန်း၊ သဲကျွန်း၊ ငါးပိအိုးရွာနဲ့ ဝက်လက်မြို့နယ်ထဲက ဇောင်ချမ်းကုန်းနဲ့ ဟန်လင်း (ဟလင်း) ရွာအပါအဝင် စုစုပေါင်း ရွာခုနစ်ရွာ ဒေသ ခံ နှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတာပါ။
မနေ့က စစ်ကောင်စီစစ်ကြောင်းဝင်လာချိန် ငါးပိအိုးရွာအနီးမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မနေ့က နေ့လယ် သုံးနာရီလောက်မှာ ဂွေးပင်ကုန်းရွာက အိမ်တွေမီးရှို့ပြီး ငါးပိအိုးရွာကိုဝင်တော့ တိုက်ပွဲအနည်းငယ်ဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက် ဟန်လင်းရွာဘက်ကိုဝင်သွားတယ်"
အဲဒီစစ်ကြောင်းဟာ ဩဂုတ်လ ၁၇ ရက် ဒီနေ့မနက်မှာ ဟန်လင်းရွာက လာလမ်းအတိုင်း ပြန်ထွက်လာတာကြောင့် နေ့လယ်ခင်းအချိန်အထိ ဒေသခံတွေ မိုးရွာထဲမှာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းသယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံ ရှစ်သိန်းနီးပါး (၇၇၈,၉၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေး နေရပါတယ်။