မကွေးတိုင်း၊ ရေစကြိုမြို့ အနောက်တောင်ဘက် ၁၅ မိုင်လောက်အကွာမှာရှိတဲ့ ကိုင်းမကြီးရွာမှာ အိမ်ခြေ ၃၀၀ နီးပါးရှိပြီး ဒေသခံ ၅၀၀ ကျော်နေထိုင်ပါတယ်။
သြဂုတ်လ ၂၆ ရက်မှာတော့ ကိုင်းမကြီးရွာရဲ့ သုံးပုံတစ်ပုံနီးပါးဖြစ်တဲ့ နေအိမ် ၈၀ ကျော် မီးရှို့ဖျက်ဆီးခံလိုက်ရပြီး အရပ်သားတွေလည်း အသက်လုထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ကျုပ်တို့ ပူဆွေးသလို မပူဆွေးပါရစေနဲ့ သူတို့မိသားစုတွေလည်း"
ဒါက မကွေးတိုင်း ရေစကြိုမြို့နယ် ကိုင်းမကြီးရွာက ဒေသခံအမျိုးသမီးတစ်ဦး ငိုယိုပြောဆိုနေတာပါ။
အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်က မနက် ၅ နာရီမှာ ကိုင်းမကြီးရွာကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာပါ။
"ချက်ဖို့ပြုတ်ဖို့ ဒန်အိုးလည်းမရှိ၊ ခွက်လည်းမရှိနဲ့ ဆီဆန်ဆားလည်း မီးထဲအကုန်ပါသွားတော့ အကုန်လုံးဒုက္ခတွေပါဗျာ"
လေးနာရီကျော်ကြာ စီးနင်းတိုက်ခိုက်ပြီး နေအိမ် ၈၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ရုံမက မပြေးနိုင်လို့ကျန်ခဲ့တဲ့ အသက် ၆၀ ဝန်းကျင်အရွယ် ဦးလှရှင်ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ကိုင်းမကြီးရွာ ဒေသခံတစ်ဦးကပြောပါတယ်။
"အိမ်ခြေ ၈၀ ကျော်ပါတယ်။ နောက်ပြီးတော့ ဆိတ်တွေလည်း အကုန်မီးထဲ လောင်သွားတယ်။ ကျွန်တော်တို့ရွာက လက်လုပ်လက်စားတွေပါဗျာ။ အဲဒီတော့ ယက်ကန်းစင် ၁၅၀ လောက်လည်း မီးထဲပါသွားတယ်။ ပြီးတော့ ရွာထိပ်မှာ နေထိုင်တဲ့ အသက် ၆၀ အရွယ် ဦးလှရှင်ဆိုတဲ့သူလည်း အသတ်ခံရတယ်။ သူက ခြေထောက် မသန်ပါဘူး။ ထန်းပင်ပေါ်က ပြုတ်ကျထားတဲ့ ထန်းတက်သမား။ ခြေထောက်မကောင်း တော့ မရှောင်တော့ဘဲ ရွာထဲမှာ နေခဲ့တာ။ နေခဲ့သူကို မနေ့က သူတို့ ခေါ်သွားတယ်။ ဒီနေ့ ကျွန်တော်တို့ နယ်မြေရှင်းလင်းရေးလုပ်တော့ ကျွန်တော်တို့ရွာရဲ့ အရှေ့ဘက် သနပ်ခါးခြံရဲ့ဘေးမှာ ဒဏ်ရာနဲ့ အလောင်းတွေ့တယ်"
ဦးလှရှင်ကို ကိုင်းမကြီးရွာသုသာန်မှာပဲ သင်္ဂြိုဟ်မယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီက ရွာကို စီးနင်းတဲ့အတွက် ဒေသခံ ၅၀၀ ကျော်ဟာ တောတောင်တွေထဲမှာ တိမ်းရှောင်နေရတယ်လို့ ကိုယ်တိုင်ထွက်ပြေးနေရတဲ့ ကိုင်းမကြီးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
"လူတွေအကုန်လုံး ဒုက္ခတွေပါဗျာ။ ဘာမှမဆိုင်တဲ့ ပြည်သူတွေကို ရက်ရက်စက်စက် လုပ်သွားတာ။ အခုတော့ ပြည်သူတွေလည်း ငိုကြွေးပြီးတော့ နေဖို့ထိုင်ဖို့ကို တော်တော်လေး စီစဉ်ရဦးမှာဗျ။ အခက်အခဲပေါင်း များစွာတွေ့နေတယ်။ ချက်ဖို့ပြုတ်ဖို့ ဒန်အိုးလည်းမရှိ၊ ခွက်လည်းမရှိနဲ့ ဆီဆန်ဆားလည်း မီးထဲအကုန်ပါသွားတော့ အကုန်လုံးဒုက္ခတွေပါဗျာ"
သြဂုတ်လ ၂၆ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ကိုင်းမကြီးရွာကနေ စစ်ကောင်စီတပ် ထွက်ခွာသွားပေမယ့် ရွာအနီး နှစ်မိုင်ဝန်းကျင်လောက်မှာ ရှိနေတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် မီးငြိမ်းသတ်ဖို့ကြိုးစားတဲ့ ဒေသခံအနည်းငယ်လောက်ပဲ ကိုင်းမကြီးရွာထဲပြန်ဝင်နိုင်ပြီး အများစုဟာ တောတောင်တွေထဲ ဆက်လက်တိမ်းရှောင် နေပါတယ်။
မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ နေအိမ်တွေကတော့ ဘာတစ်ခုမှ ကုန်းကောက်စရာမကျန်ခဲ့ ဘူးလို့ မီးငြိမ်းသတ်ခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ရွာထဲကို ဝင်သွားတော့ ရွာအလယ်က မီးတော်တော်များများ လောင်နေပြီ။ မြောက်ဖျားပိုင်းကို ရောက်နေပြီ။ တိုက်အိမ်တွေကတော့ မီးစွဲနေတာပေါ့။ ရွာအလယ်က အိမ်တွေတော်တော်များများကတော့ ပြာဖြစ်သွားပြီ။ ရွာအလယ်ကနေ စရှို့တာဗျ၊ ကွက်ကျားပုံစံ၊ တစ်အိမ်တည်းသီးသန့်ပုံစံတွေဆို ကွက်ရှို့သွားတာ။ မီးငြိမ်းသတ်တာ တစ်နာရီခွဲ၊ နှစ်နာရီနီးပါး ကြာတယ်"
ဒေသခံတွေဟာ ရွာထဲပြန်ပြီး နေထိုင်ဖို့ အခက်အခဲရှိနေလို့ အမိုးအကာနဲ့ အသုံးအဆောင် ပစ္စည်းတွေ လိုအပ်နေတယ်လို့ သူကပြောပါတယ်။
ဒါတွေနဲ့ ပတ်သက်လို့ မကွေးတိုင်း စစ်ကောင်စီ ပြောခွင့်ရသူ တိုင်းအတွင်းရေးမှုး ဦးသန်းဆွေဝင်းကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ရေစကြိုပြည်သူ့ကာကွယ်ရေးတပ် ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဝေကြီးကတော့ ရေစကြိုမြို့နယ်အတွင်း လက်တလောတိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က ကိုင်းမကြီးရွာကို ဝင်ရောက်စီးနင်းခဲ့တာလို့ ပြောပါတယ်။
"လတ်တလောကတော့ ဒီနေ့အထိတော့ ငြိမ်နေတယ်။ တမင်သက်သက်ကို မီးလာရှို့သွားတာ။ ကြွက်မနိုင် ကျီမီးရှို့ပေါ့ဗျာ။ သူတို့က ပြည်သူလူထုရဲ့ အိုးအိမ်ကို ဒုက္ခပေးမယ်။ ပြည်သူလူထု အသက်ကို ရန်ရှာမယ်။ PDFကို မနိုင်တဲ့အခါကျတော့၊ အဲဒီလိုနည်းလမ်းတွေနဲ့ လိုက်လုပ်နေတာပေါ့။ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်ဆိုတော့ သိပ်တော့မဆန်းဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူလူထုကတော့ အရမ်းဒုက္ခ ရောက်ရတယ်"

ကိုင်းမကြီးရွာအနီးမှာ PDF တွေ စစ်ရေးလှုပ်ရှားတာမရှိသလို ရွာအတွင်းဝင်ရောက်နေထိုင် တာလည်း မရှိဘူးလို့ သူက ပြောပါတယ်။
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ခုခံမှုတွေကို နှိမ်နင်းတဲ့နေရာမှာ စစ်ကောင်စီတပ်ဟာ အရပ်သားတွေနေထိုင်တဲ့ ရွာတွေကို ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးရုံမက ဒေသခံတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဝေဖန်နေပါတယ်။
စစ်ကောင်စီတပ်ကတော့ ဒီပြောဆိုချက်တွေကို တလျောက်လုံးငြင်းဆိုနေပြီး အရပ်သားတွေ ဒုက္ခရောက်အောင် မလုပ်ဘူးလို့ ဆိုပါတယ်။
မီးရှို့ဖျက်ဆီးမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့ကတော့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ နိုင်ငံတစ်ဝန်းက နေအိမ် ခုနစ်သောင်းခွဲနီးပါး (၇၄၈၇၄) လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သြဂုတ်လ ၈ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာ မကွေးတိုင်းက နေအိမ် တစ်သောင်းကျော် (၁၁၀၂၆) ပါဝင်ပါတယ်။