စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မရကန်ကျေးရွာကို သြဂုတ်လ ၂ ရက်နေ့ မနေ့ ညနေပိုင်းမှာ စစ်ကောင်စီ ခြေမြန်တပ်ရင်း ၇၀၈ နဲ့ ၇၀၂ က အင်အား ၁၅၀ လောက်ပါတဲ့ စစ်ကြောင်း တစ်ခု လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီး သွားခဲ့တယ်လို့ ရေဦး အခြေစိုက် People’s Defense Comrade ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုထူးခန့်ဇော်က ပြောပါတယ်။
အခု စစ်ကြောင်းက မီးရှို့ဖျက်ဆီးသွားခဲ့တဲ့ နေအိမ်တွေထဲမှာ အရင်က မီးရှို့ခံခဲ့ရတဲ့အတွက် ပြန်လည်တည်ဆောက်ထားတဲ့ နေအိမ် ၂၀ လည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။
မရကန်ကျေးရွာသားတွေကို RFA က ဆက်သွယ်လို့ မရသေးပါဘူး။ ကိုထူးခန့်ဇော်ကတော့ ရွာသားတွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ပြောပါတယ်။
စစ်ကောင်စီ တပ်သားတွေဟာ မရကန်ကျေးရွာကို အခု ၃ ကြိမ်မြောက် ဝင်ရောက် မီးရှို့ဖျက်ဆီးတာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့မှာ နေအိမ် ၉ လုံးနဲ့ ၂၀၂၃ ဇန်နဝါရီလ ၂၆ ရက်နေမှာ နေအိမ် အလုံး ၇၀ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
အခုလို စစ်ကောင်စီ စစ်ကြောင်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေနဲ့ ပတ်သက်ပြီး စကိုင်းတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့် ရှိသူဆီကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ဒီအတောအတွင်းမှာပဲ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒီပဲယင်းမြို့နယ် ရက်ရှည်ကျေးရွာက ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား တစ်ဦး မနေ့က ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သတင်းရပါတယ်။
စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ ကချင်နဲ့ ကရင် စတဲ့ တိုင်းနဲ့ ပြည်နယ်ခုနစ်ခု မှာ ဇူလိုင်လအတွင်း စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေနဲ့ နေအိမ် ၂၇၄၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနဲ့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက ဩဂုတ်လ ၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ နေ့ကနေ ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ နေ့အထိ နိုင်ငံတစ်ဝန်းက နေအိမ်နဲ့ အဆောက်အအုံ ၈၁,၈၉၉ လုံး မီးရှို့ဖျက်ဆီး ခံထားရတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ လေ့လာစောင့်ကြည့်နေတဲ့ မြန်မာ့မဟာ ဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေး အင်စတီကျု (ISP - Myanmar) က ဇူလိုင်လ ၂၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။